08:56

(NLD) ပါတီ၏ (၂၀၁၅) ရွေးကောက်ပွဲ

ပြည်တွင်း သတင်းထုတ်ဝေမှုတွင် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများက (NLD) ပါတီသည် (၂၀၁၅) ရွေးကောက်ပွဲကို သပိတ်မှောက် မည်၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုဟု အဓိပ္ပါယ် သက်ရောက်စေသော သတင်းများကို မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ပြည်တွင်းရှိ အွန်လိုင်းသတင်းမီဒီယာ ဧရာဝတီသတင်းဌာနသည် “ဖွဲ့စည်းပုံ မပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။
အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများ မှားယွင်းဖော်ပြခဲ့သော (NLD) ပါတီ၏ (၂၀၁၅) ရွေးကောက်ပွဲ သတင်း ပြည်တွင်း သတင်းထုတ်ဝေမှုတွင် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာများက (NLD) ပါတီသည် (၂၀၁၅) ရွေးကောက်ပွဲကို သပိတ်မှောက် မည်၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုဟု အဓိပ္ပါယ် သက်ရောက်စေသော သတင်းများကို မှားယွင်းဖော်ပြခဲ့ကြောင်း သိရသည်။ ပြည်တွင်းရှိ အွန်လိုင်းသတင်းမီဒီယာ ဧရာဝတီသတင်းဌာနသည် “ဖွဲ့စည်းပုံ မပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မ၀င်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။ သို့သော် ဒီဇင်ဘာ (၁၅) ရက်နေ့ သာယာဝတီမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းမှာ ကိုယ့် သိက္ခာကို အမှန်တကယ် တန်ဖိုးထားသူများသည် (၂၀၁၅) ရွေးကောက်ပွဲတွင် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဘဲ ရေးကောက်ပွဲ မ၀င်သင့်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပြည်တွင်းမီဒီယာ စောင့်ကြည့်ဂျာနယ်တွင် “၁၀၀ ရာခိုင်နှုန်း သေချာတယ်၊ (၂၀၁၅) ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မယ်” ဟု သတင်းခေါင်းစဉ်နှင့် ဖော်ပြခဲ့သည်။ ဖော်ပြပါ သာယာဝတီမြို့ လူထုဆန္ဒခံယူပွဲတွင် ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မည်သို့ပင် ရှိစေကာမူ ပြည်သူ့ဆန္ဒကို ထောက်ထား၍ မမျှတသည့် အခြေအနေတွင် ရွေးကောက်ပွဲသို့ စွန့်စားပြီး ၀င်မည်ဆိုလျှင်လည်း ဂုဏ်သိက္ခာကျစရာ မရှိကြောင်း ပြောကြားခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အထက်စီးမှနေ၍ ရွေးကောက်ပွဲ ၀င်လာသူများသည် သိက္ခာမရှိကြောင်းနှင့် မိမိတို့နိုင်ငံတွင် မှန်ကန်စွာ ဆောင်ရွက်ရဲသော သတ္တိရှိသူများ လိုအပ်နေကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (NLD) ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့မှ သက်ဆိုင်သူတစ်ဦးက လွဲမှားဖော်ပြသော သတင်းများကြောင့် တစ်ဦးနှင့်တစ်ဦး သံသယ ဖြစ်ရန်၊ ထိပ်တိုက် တွေ့ဆုံရန် မလိုအပ်ကြောင်းနှင့် မှားယွင်းဖော်ပြမှုများကို ပြန်လည် ရှင်းလင်းရန် တာဝန်ရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ From facebook
ဆက်ဖတ်ရန်...
08:49

လူမျိုးစုတွေများရဲ့ပြသာနာအရင်းအမြစ်

လူမျိုးစုတွေများလွန်းတဲ့ နိုင်ငံတွေမှာ လက်နက်ကိုင် အုပ်စုတိုင်းဟာ သူတို့ရဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံရေးအာဂျင်တာတွေ၊ ကိုယ်ပိုင် ရည်မှန်းချက်တွေဟာ တည်ရှိနေကြတယ်။ တခုတည်းသော အစိုးရတရပ်အောက်မှာ သူတို့ရဲ့ တပ်ရင်းတွေကို ဘယ်လို ထည့်သွင်း အုပ်ချုပ်ကြမလဲ၊ ပေါင်းစည်းမှုဟာ ပဋိပက္ခသစ်တွေကို စတင်စေမဲ့ အရာတွေကော မဖြစ်နိုင်ဘူးလား။ ဒီတပတ်မှာတော့ လစ်ဗျားနိုင်ငံ အစိုးရသစ်ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို လွတ်လပ်တဲ့ အာရှအသံမှာ တင်ပြထားပါတယ်။
သောတရှင်များခင်ဗျား လွန်ခဲ့တဲ့ (၂) နှစ်ကျော်တုံးက အာဖရိကရဲ့ သက်တမ်းအရှည်ကြာဆုံး အာဏာရှင် လစ်ဗျားခေါင်းဆောင် ကဒါဖီ ကို တော်လှန်ရေးတရပ်ဆင်နွဲပြီး ဖြုတ်ချ ပစ်နိုင်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံဟာ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ ပဋိပက္ခတွေချုပ်ငြိမ်းပြီးတဲ့အခါ၊ စစ်ဒဏ်ရာတွေ နဲ့ ပြည့်နှက်နေတဲ့ သူတို့ရဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ကြမယ် ဆိုတဲ့ အိပ်မက်တွေ နဲ့ ရှင်သန်မျှော်လင့်ခဲ့ဘူးပါတယ်။ ဒီ တပတ်မှာတော့ အာဏာရှင် ကဒါဖီ ပြုတ်ကျအပြီး ကြုံတွေ့နေရတဲ့ လစ်ဗျားနိုင်ငံအကြောင်းလေ့လာကြည့်ကြရအောင်ပါ။ လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီမြို့ထဲကို လျှောက်သွားကြည့်လိုက်မယ် ဆိုရင် ဈေးဆိုင်တွေ၊ စီးပွားရေးလည်ပတ်မှုတွေက ပုံမှန်အတိုင်းဖွင့်လှစ်နေဆဲပါ။ လက်ဘက်ရည်ဆိုင်တွေမှာ လူတွေပြည့်လျှံနေပါတယ်။ လက်နက်ကိုင် စစ်သားတချို့ကိုသာ တွေ့ရပါလိမ့်မယ်။ အပေါ်ယံကြည့်လိုက်မယ် ဆိုရင်တော့ မြို့တော် ထရီပိုလီဟာ ငြိမ်သက် အေးချမ်းနေ သရောင် ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က စပြီး၊ လစ်ဗျားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ ပြန်ပေးဆွဲခံခဲ့ရ ပါတယ်။ မြို့တော်ထဲမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပြည်သူအများအပြားသေဆုံးခဲ့ကြ၊ ဒဏ်ရာရခဲ့ကြပြီး လုယက်ဓါးပြတိုက်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကလည်း နေ့စဉ်လူနေမှု ဘဝထဲဆီကို ရိုက်ခပ်လာခဲ့ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေဟာ လက်ရှိအစိုးရသစ်ရဲ့ ရပ်တည်မှုကို ထိခိုက်လာနေတာတော့အမှန်ပါ။ လစ်ဗျားတော်လှန်ရေးမှာ ပါဝင်ခဲ့သူတဦးဖြစ်ပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ နိုင်ငံရေးလေ့လာသူတဦးကတော့ “ ကဒါဖီကို ဖြုတ်ချပစ်တာလွယ်ပါတယ်။ မလွယ်တာက ဥပဒေစိုးမိုးမှုကို ဘယ်လိုလုပ်မလဲ ဆိုတဲ့အချက်ပဲ။ အသွင်ကူးပြောင်းရေးကာလ (၂) နှစ်အတွင်းမှာ လစ်ဗျားနိုင်ငံဟာ တဖြည်းဖြည်းပြိုကွဲစ ပြုနေပြီ လို့ သံသယရှိနေကြတယ်။ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ သူရဲကောင်းတွေ လို့ အမည်တွင်ခဲ့တဲ့တော်လှန်ရေးသမားတွေကိုလည်း တိုင်းပြည်ကို ဖျက်ဆီးဖြိုခွဲနေသူတွေ အဖြစ်ရှုမြင်လာကြပြန်တယ်။ ပြဿနာက လစ်ဗျားအစိုးရသစ်လည်း ဖွဲ့စည်းလိုက်ရော၊ အရင်အစိုးရလက်ထက်တုံးက ပိုင်ဆိုင်ခဲ့တဲ့ စစ်လက်နက်တွေကို တော်လှန်ရေးစစ်တပ်က ချုပ်ကိုင်ထားလိုက်တယ်။ တခြားလူတွေလက်ထဲကို ထည့်မပေးချင်တော့ဘူး” တကယ်တော့ ၂၀၁၁ အောက်တိုဘာ လမှာကတည်းက လစ်ဗျားတော်လှန်ရေးအုပ်စုဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံး လုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။ သက်ဆိုင်ရာ လက်နက်ကိုင်အင်အားစုတွေဟာ သူတို့ရဲ့ စစ်ခေါင်းဆောင်တွေမှတဆင့် လစ်ဗျားလုံခြုံရေးကောင်စီ အောက်က ပြည်ထဲရေးဝန်ကြီး ဋ္ဌာနမှာ အဖွဲ့ဝင်အဖြစ်လျှောက်နိုင်ပါတယ်။ အဖွဲ့ဝင်တိုင်းဟာ အမှုထမ်းခွင့်လခအဖြစ် တလကို ဒေါ်လာ (၉၀၀) နီးပါးရကြသလို၊ တိုင်းပြည်ရဲ့ အန္တရယ်လို့ သံသယရှိနေသူတွေကို ဖမ်းဆီးချုပ်နှောင်ခွင့်၊ စစ်ဆေးမေးမြန်းပိုင်ခွင့်လိုင်စင်လည်းရကြပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ ခု မေလမှာ တော်လှန်ရေးလူငယ် စုစုပေါင်း (၈) သောင်းကျော် လျှောက်ထားခဲ့ကြပါတယ်။ အမျိုးသားကာကွယ်ရေးဋ္ဌာနကလည်း အဖွဲ့ဝင်သစ်တွေကို အကြီးအကျယ်ရခဲ့ကြပါတယ်။ ယ္ခင်တုံးက တော်လှန်ရေးသမားတွေကို နိုင်ငံသစ် ရဲ့ လုံခြုံရေးကောင်စီထဲမှာ အင်အားစုတရပ်အဖြစ် ထည့်သွင်းအားဖြည့်ခဲ့ပေမဲ့ အဲ့ဒီအချက်ဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အဓိကဖြစ်စေတဲ့ အကြောင်းရာတရပ်ဖြစ်လာခဲ့ပါတယ်။ “ လစ်ဗျားရဲ့ အမျိုးသားလုံခြုံရေးကောင်စီဆီကို အဖွဲ့ဝင်အဖြစ်လျှောက်ကြတဲ့အခါ ဒေသဆိုင်ရာ နိုင်ငံရေးပြိုင်ဆိုင်မှုတွေကို မဖြစ်မနေကြုံတွေ့ကြရတော့တယ်။ အဖွဲ့ဝင်တွေဟာ မိမိရဲ့ ဒေသဆိုင်ရာခေါင်းဆောင်တွေရဲ့ အမိန့်ကို နာခံမှာလား။ အစိုးရသစ်ဆီက တိုက်ရိုက်ဆင်းသက်တဲ့ အမိန့်ကို နာခံမှာလား ဆိုတာ အဓိကမေးခွန်းတခုဖြစ်လာသလို၊ ဒေသဆိုင်ရာ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးအမြတ်အပေါ် တိမ်းညွတ်မှုတွေကလည်း မတူညီကြဘူး။ အကောင်းဆုံးဥပမာကို ပြပါဆိုရင် အမ်တီဂါလေဆိပ် မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ကြည့်ရင် လုံလောက်ပါတယ်။ အဲ့ဒီလေဆိပ်မှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံအခြေစိုက်ပြီး သူတို့အားလုံးဟာ လစ်ဗျားရဲ့ အမျိုးသားလုံခြုံရေးကောင်စီသစ်အောက်မှာ တည်ရှိကြတယ်။ သူတို့နဲ့ ထရီပိုလီမြို့က ကောင်စီခေါင်းဆောင် ဟက်ရှင်းမ် ဘစ်ရှာ တို့တွေ့ဆုံပြီး၊ သူတို့ရဲ့ လက်နက်တွေကို အပ်၊ အစိုးရသစ်အဖွဲ့ထဲမှာ ပါဝင်၊ ယူနီဖောင်းအသစ်၊ လက်နက်အသစ်၊ လေ့ကျင့်သင်ကြားမှုအသစ် နဲ့ ဖွဲ့စည်းခဲ့ကြတယ်။ ဒါပေမဲ့ တကယ့်အတွင်းသရုပ်က အဲ့သလိုမဟုတ်ဘူး။ ဥပမာ ဟက်ရှင်းမ်ဘစ်ရှာလက်အောက်က ဒုတိယစစ်ခေါင်းဆောင်ဖြစ်တဲ့ အဘဒူ ရာအော့ ကာရာ ဆိုသူက အထူးခုခံရေးတပ်ဖွဲ့တွေကို ဦးဆောင်နေသူ၊ သူချုပ်ကိုင်ထားတဲ့ ဋ္ဌာနချုပ်ကို သွားကြည့်လိုက်ရင် တင့်ကားတွေ၊ လေယာဉ်ပစ်ဒုံးပျံတွေ၊ လက်နက်ပစ္စည်းတွေက အပုံလိုက်ပဲ။ အစိုးရသစ်ကို အယုံအကြည်မရှိသေးတာကြောင့် ဒီလက်နက်တွေကို ဖျက်ဆီးမပစ်နိုင်ဘူး။ ဆက်လက်ထားရှိဖို့လိုတယ် လို့ ဆိုတယ်။” တကယ်တော့ ထရီပိုလီမြို့တင်သာမဟုတ်ပါဘူး။ ဒေသအသီးအသီးကို ချုပ်ကိုင်ထားတဲ့ လက်နက်ကိုင်တပ်တွေဟာ သူတို့ရဲ့ အစီအစဉ်အတိုင်း နိုင်ငံရေးရည်မှန်းချက်တွေကို ဆက်လက် ဆောင်ရွက်နေကြခြင်းပဲဖြစ်ပါတယ်။ ဘာသာရေးအမာခံအင်အားစုတွေဖြစ်တဲ့ ဆလားဖစ် စစ်တပ်ဟာ ဆူဖီတွေကိုးကွယ်တဲ့ ဝတ်ပြုဘုရားကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေကို ဘူဒိုဇာနဲ့ထိုးပြီး အစ္စလာမ်နိုင်ငံရေးအစီအစဉ်တရပ်ကို ဖေါ်ဆောင်နေကြသလို၊ အရှေ့ဖက်ခြမ်းမှာ ရှိတဲ့ လက်နက်ကိုင်အင်အားစုတွေကလည်း ရေနံတွင်းတွေဆီက ရတဲ့ ကြွယ်ဝချမ်းသာမှုတွေကို လွှဲပြောင်းမပေးချင်ကြပါဘူး။ ထရီပိုလီအစိုးရဟာ သူတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ပျက်ကွက်ခဲ့မယ် မေ့လျော့ခဲ့မယ် ဆိုရင် ခွဲထွက်ဖို့ အသင့်ပဲ ဆိုတဲ့ ခြိမ်းခြောက်မှုတွေကလည်း ရှိနေပါတယ်။ အဆိုးဆုံးဖြစ်ရပ်တခုကတော့ လစ်ဗျားနိုင်ငံဆီက လက်နက်တွေဟာ ပြင်ပနိုင်ငံတွေဆီမှာ တည်ရှိနေတဲ့ အော်ကိုင်းဒါးအပါအဝင် ဘာသာရေးအစွန်းရောက်တွေထံ တရားမဝင်ရောင်းချနေကြခြင်းပဲဖြစ်ပါတယ်။ သောတရှင်များခင်ဗျား ကျနော်တို့နိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားအဖွဲ့တွေက ကမ်းလှမ်းနေသလို၊ လက်ရှိကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ခေါင်းဆောင်တွေကလည်း တိုင်းပြည်ရဲ့ စစ်တပ်ဟာ ဖက်ဒရယ်စစ်တပ်ဖြစ်ပြီးသားဖြစ်တယ် လို့ တုန့်ပြန်ခဲ့ပါတယ်။ “ ကဒါဖီကို ဖြုတ်ချပစ်တာလွယ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးက ခုမှ စတာဗျ။ ဒေသဆိုင်ရာ စစ်ခေါင်းဆောင်တွေဟာ အစိုးရအာဏာ နဲ့ အကျိုးစီးပွားကို ဘယ်လိုခွဲဝေယူကြမလဲ ဆိုတာ အဓိကပြဿနာပါ၊ တခုတော့ မျှော်လင့်ရတာပေါ့။ ယူနီဖောင်းအသစ်လဲထားတဲ့ မျိုးဆက်သစ်တွေဟာ တိုင်းပြည်အပေါ်တကယ့်စည်းလုံးညီညွတ်မှုနဲ့ အလုပ်လုပ်ကြမယ်ဆိုရင်တော့ ကောင်းတာပေါ့ တဲ့။ သောတရှင်မြန်မာပြည်သူတွေလည်း နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့ ပွေ့ဖက်နိုင်ကြပါစေ။ From Facebook
ဆက်ဖတ်ရန်...
16:07

ကချင်စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်နေ

ဆောင်းဒဏ်ခံ ကချင်စစ်ပြေးဒုက္ခသည်များ အကူအညီလိုအပ်နေ 20 December 2013 by Mizzima ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ပထမပတ်ကစတင်ကာ အအေးဒဏ် ခံစားလာရပြီဖြစ်ရာ မန်စီမြို့ နယ်အတွင်းရှိ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းရောက် စစ်ဘေးရှောင် ဒုက္ခသည်တို့အတွက် ဆောင်းတွင်း ဒဏ်ခံအနွေးထည်များနှင့် အဆောက်အအုံများ လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဖာသာခါးလိက မဇ္ဈိမ ကို ပြောသည်။ “လူဦးရေကလည်း များတယ်၊ အနွေးထည်တွေအတွက် သီးသန့်လာလှူတာရယ်လို့ကလည်း မရှိဘူး။ ဆောင်းတွင်းဖြစ်တော့ ပိုဆိုးတယ်၊
ဘယ်လိုမှ လောက်မှာမဟုတ်ဘူး၊ လုံးဝကိုမလုံလောက်နိုင်တဲ့ အနေအထားဖြစ်နေတယ်”ဟု ဦးခါးလိက ပြောသည်။ စစ်ပြေးရှောင်လာကြသူများမှာ မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိရန် သုံးရက်ခန့် လမ်း လျှောက်ခဲ့ကြရသဖြင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင့် ထွက်ပြေးလာရသူများမှာ အများစု ဖြစ်နေသည်။ မိသားစုများသည်လည်း နိုင်သည့် ပစ္စည်းအနည်းငယ်သာ သယ်ဆောင် ပြေးလာရသည့်အတွက် မလုံ လောက်ခြင်းဖြစ်သည်ဟုလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လိုက်လံလုပ်ဆောင်နေသည့် ဗန်းမော်မြို့ ကတ်သလစ်အသင်းတော်မှ ကိုနော်ဒင့်က ဆိုသည်။ မန်ဝိုင်းကြီးမှဒေသခံများနှင့် ဗန်းမော်၊ မန်စီမြို့အနီးမှ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှ ကူညီမှုများ ရှိသော်လည်း စားဝတ်နေရေးအတွက်သာ လုံလောက်သည့် အနေအထားရှိသည်။ အနွေးထည်များ လုံလောက်စွာ ရရှိစေရေး၊ ယာယီတဲများမှအိမ်များ ဆောက်ပေးနိုင်ရေးတို့မှာ မလုပ်နိုင်သေးသဖြင့် ဆောင်းတွင်းတွင် ကယ်ဆယ်ရေးစခန်းနေသူ နှစ်ထောင်ကျော်တို့မှာ အအေးဒဏ်ကြောင့် ခက်ခဲလိမ့်မည်ဟု ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းတို့က ဆိုသည်။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများနှင့် ပတ်သက်၍ အစိုးရဘက်မှ မိမိတို့ သွားရောက်နိုင်သည့် နေရာများမဟုတ်ဘဲ သွားရောက်ရန် ခက်ခဲသည့် နယ်စပ်ဒေသများဖြစ်သဖြင့် အကူအညီပေးနိုင်ရန် အလှမ်းဝေးသည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းမှ မဇ္ဈိမသို့ ပြောဆိုပြီး ဖြစ်သည်။ မန်စီမြို့နယ်အတွင်း အောက်တိုဘာလတွင် ပြန်လည်ဖြစ်ပွားခဲ့သည့် အစိုးရနှင့် ကချင်လွတ်လပ်ရေးအ ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ကာ မန်ဝိုင်းကြီး ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွင် နေထိုင်နေကြသည့် ဒုက္ခသည် ၂၀၀၀ ကျော်ခန့် ရှိနေသည်။ မန်စီမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မန်ဝိုင်းကြီး မြို့နယ်များသို့ တိမ်းရှောင်နေကြသည့် ဒုက္ခသည် စုစုပေါင်းမှာ ၅,၀၀၀ ကျော်ခန့် ရှိမည်ဟု ယုံကြည်ရ သည်။ From Mizzima
ဆက်ဖတ်ရန်...
14:38

၁၉၅၀ ခုနှစ်ကျော်ကတောင်ကြီးမြို့ပုံရိပ်များ

"အမေရိကန် Fulbright Scholar တစ်ဦးမှတ်တမ်းတင်ခဲ့တဲ့ ၁၉၅၀ ခုနှစ်ကျော်ကတောင်ကြီးမြို့ပုံရိပ်များ" ကို ၁၉၅၅-၁၉၅၆ ခုနှစ်ကတောင်ကြီးမြို့နဲ့ရှမ်းပြည်ဒေသအချို့ရဲ့လူနေမှုဘ၀၊ရိုးရာဓလေ့ထုံးစံများကို အမေရိကန်နိုင်ငံမှ Fulbright Scholar တစ်ဦးဖြစ်သူ Charles Shontz မှရုပ်သံမှတ်တမ်းတစ်ခုအနေဖြင့်ရိုက်ကူးခဲ့ပါတယ်။ Charles Shontz ဟာအမေရိကန်အစိုးရကချီးမြင့်တဲ့ J. William Fulbright ပညာရေးဖလှယ်မှုအစီအစဉ်နဲ့တောင်ကြီးမြို့မှာနေထိုင်ခဲ့ရပြီး အစိုးရအထက်တန်းကျောင်း (ယနေ့ အ.ထ.က ၁၊တောင်ကြီး) မှာဆရာအဖြင့်သင်ကြားရေးတာဝန်များထမ်းဆောင်ခဲ့ပါတယ်။
Charles Shontz ဟာသူ၏တောင်ကြီးမြို့တွင်နေထိုင်ခဲ့စဉ်ကာလမှာ တောင်ကြီးမြို့နဲ့အနီးအနားပတ်ဝန်းကျင်တွေဖြစ်တဲ့အင်းလေးကန်နဲ့ ရှမ်းပြည်မြောက်ပိုင်းတရုတ်ပြည်နယ်စပ်နမ့်ခမ်းမြို့နဲ့ရှမ်းရှေ့ကျိုင်းတုံမြို့တို့အထိခရီးလည့်လှည်ရင်းဒီရုပ်သံမှတ်တမ်းကိုရိုက်ကူးခဲ့ပါတယ်။ ရုပ်သံမှတ်တမ်းထဲကတောင်ကြီးရဲ့ ၅ရက်ဈေးနေ့ရှုခင်း၊ တန်ဆောင်တိုင်ပွဲတော်၊ အင်းလေးဖောင်တော်ဦးဘုရားပွဲပုံရိပ်တွေဟာနှစ်ပေါင်း ၆၀ နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမယ့်လူတွေရဲ့ဝတ်စားဆင်ယဉ်ပုံအချို့ကလွဲရင်မပြောင်းမလဲရိုးရာမပျက်ရှိနေသေးတာကိုတွေ့ရပါလိမ့်မယ်။ ဈေးခင်းထဲမှာဈေးထိုင်ရောင်းနေကြတဲ့ပအိုဝ်းအမျိုးသမီးကြီးတွေနဲ့ ၅ရက်တစ်ဈေးဓလေ့မြင်ကွင်းတွေဟာယနေ့မြင်ကွင်းများနဲ့မပြောင်းမလဲတစ်ထပ်တည်းကျနေသေးတာတွေ့ရပါတယ်။ မှတ်တမ်းအတွင်းမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုရဲ့တောင်ကြီးမြို့သို့အလည်အပတ်ခရီးစဉ်၊ကမောဇကောလိပ်ရဲ့တောင်တက် Picnic ခရီး၊ ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ကနာမည်ကျော် Dr.Gordon Seagrave ရဲ့ဆေးရုံနဲ့သူနာပြုသင်တန်းကျောင်း၊ရှမ်းရှေ့ကျိုင်းတုံကရှမ်းစော်ဘွားကြီးမြို့အတွင်းလည့်လည်ပုံတွေနဲ့ဒေသခံတိုင်းရင်းသားများရဲ့ယဉ်ကျေးမှုပုံစံတွေကိုမှတ်တမ်းတင်ထားတာတွေ့ရပါတယ်။ ရှမ်းပြည်တခွင်တင်မက ရန်ကုန်၊ မန်းတလေးနဲ့ စစ်ကိုင်းမြို့ပတ်ဝန်းကျင်နေရာတစ်ချို့ကိုပါမှတ်တမ်းထဲမှာတွေ့ရပါတယ်။ Charles Shontz ရဲ့ဒီရှားပါးအဖိုးတန်လှတဲ့ရုပ်သံမှတ်တမ်းကိုအမေရိကမှနာမည်ကျော် Smithsonian Institution ရဲ့ Human Studies Film Archives မှာယနေ့အထိမှတ်တမ်းအဖြစ်ထိန်းသိမ်းပေးထားပါတယ်။ စိတ်ဝင်စားသူများကြည့်ရှုလေ့လာနိုင်ဖို့ရုပ်သံမှတ်တမ်းတစ်ခုလုံးကို Youtube ပေါ်တင်ပေးလိုက်ပါတယ်။ ၁ နာရီကျော်ကြာမြင့်တဲ့ရုပ်သံကိုအင်တာနက်လိုင်းကောင်းတဲ့အရပ်ကသူတွေအတွက် click တစ်ချက်နှိပ်တာနဲ့အဆင်ပြေစွာကြည့်ရှုနိုင်ပေမယ့်..မြန်မာပြည်နေရာတော်တော်များများကသူတွေအတွက်တော့ကြည့်ရှုဖို့အဆင်ပြေမယ်မထင်ပါဘူး။ ဒါကြောင့်အချိန်ရရင်ရသလို အခန်းတိုလေးများဖြတ်ပြီးဖိုင်ဆိုက်ဒ်အသေးဆုံးနဲ့တင်ပေးနိုင်အောင်ကြိုးစားကြည့်ပါ့မယ်။ ဖိုင်ဆိုဒ်ချုံ့လိုက်ရတဲ့အတွက်ရုပ်ထွက်အရည်အသွေးကတော့သိပ်ကောင်းတော့မယ်မထင်ပါဘူး။ ယခုပထမပိုင်းအမြည်းအနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ နီးပါးကတောင်ကြီးဈေးနေ့မြင်ကွင်းတစ်ချို့နဲ့စလိုက်ရအောင်။ ရုပ်သံမှတ်တမ်းတစ်ခုလုံးအတွက်ကတော့ အောက်ပါလင့်ခ်မှာဝင်ကြည့်ပါ။ From Facebook
ဆက်ဖတ်ရန်...
14:06

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာနေ

ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များအကြား ဒီဇင်ဘာ ၁၆ တနင်္လာနေ့က မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲ ၂ ပွဲ ဖြစ်ပွားခဲ့သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ တပ်ရင်း ၈ ဒေသ ပရန်တောင်း (Pran Tawng) နှင့် နမ့်ခက် (Nam Hkyet) အကြား တိုက်ပွဲ တပွဲနှင့် တပ်မဟာ ၄ နယ်မြေ မုန်းကိုး ဒေသတွင် တိုက်ပွဲ တပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကေအိုင်အေ တပ်မဟာ ၄ မှ အရာရှိ တဦးက ပြောသည်။ ပထမတိုက်ပွဲမှာ ကွတ်ခိုင်မြို့နယ် KIA တပ်ရင်း (၈) ဒေသ နမ့်လက် (Nam Lek) စခန်းမှ ဆင်းလာသော ခြေလျှင်တပ်ရင်း ခမရ ၅၀၅ စစ်အင်အား ၆၀ ကျော်နှင့် KIA တပ်ရင်း (၈) ကချင်ပြည်သူ့စစ် (MHH) ကြား ပရန်တောင်း (Pran Tawng) နှင့် နမ့်ခက် (Nam Hkyet) ကြားတွင် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းနမ့်လက် (Nam Lek) စခန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က အစိုးရတပ်များ တိုးစစ်ဆင် တိုက်ခိုက်ရာ အထိနာ၍တပ်ဆုတ်ထားသော KIA စခန်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ တနင်္လာနေ့ ညနေ ၃ နာရီချိန်ခန့်တွင် ၎င်းမှ စစ်ကြောင်းသည် ကချင်ပြည်သူ့စစ် (MHH) ရှိသည့် နေရာဘက်သို့ လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယဖြစ်ပွားသော တိုက်ပွဲမှာ မုန်ကိုးမြို့နယ် KIA တပ်ရင်း (၃၈) ဒေသတွင် အင်အား ၇၀ ခန့်ရှိသော အစိုးရ ခြေလျှင်တပ်ရင်း ခလရ ၁၂၇ သည် KIA တပ်ရင်း (၃၈) နယ်မြေသို့ လှုပ်ရှားလာခြင်းကြောင့် ဘန်လွမ်းဘွမ် (Bang Lum Bum) တွင် ဖြစ်ပွားခဲ့သည်။ ၎င်းအစိုးရတပ်သည် မုန်းဂျီဘက်မှ စစ်ရေးလှုပ်ရှားလာသော စစ်ကြောင်း ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ပြည်သူ့စစ် (MHH) များနှင့် တွေ့ဆုံပြီး KIA တပ်ရင်း (၃၈) မှ မိနစ် ၃၀ ကျော်ကြာ ခံခုပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ဖြစ်ပွားသော တိုက်ပွဲ ၂ ပွဲလုံးတွင် မီးနစ် သုံးဆယ် ကျော်ကြာအောင် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း သေဆုံးထိခိုက်ဒဏ်ရာရမှုစာရင်းကို မသိသေးပါ။ တချိန်တည်းမှာပင် အစိုးရတပ်ဖွဲ့များဖက်တွင် အခြား အင်အား တိုးချဲ့လာ သော စစ်ကြောင်းများလည်း ရှိကြောင်း ကေအိုင်အေ အရာရှိများက ပြောသည်။ ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင်မှ စစ်ကား ၁၀ စင်းသည် ယမန်နေ့ညတွင် ပန်ဆိုင်း (ကြူကုတ်) သို့ ရောက်ရှိလာခဲ့သည်ဟု ကေအိုင်အေက ပြောသည်။ အစိုးရတပ်သည် မန်စီမြို့နယ် တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် လည်း စစ်အင်အားဆက်လက် တိုး ချဲ့နေဆဲဖြစ်ပြီး တနင်္လာနေ့တွင် အစိုးရ စစ်ကြောင်း ၁ ကြောင်းသည် မန်စီမှ ကိုင်ထိပ်လမ်း ပဒိုင်ယန်တွင် တိုးချဲ့နေ ကြောင်း KIA တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင်ပြောသည်။ အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) နှင့် တပ်မဟာ (၄) နယ်မြေသို့ စစ်အင်အားများတိုးချဲ့နေပြီး နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။ဲ Jade Land From facebook
ဆက်ဖတ်ရန်...
21:17

အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ ဆီသို့

နိုင်ငံရေးဆိုတာ အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း တို့သာမဟုတ်ပါဘူး။ လူသားတို့ နေ့စဉ်ကြုံတွေ့ ဖြတ်သန်းနေရတဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိတဲ့ ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ် များနှင့် လည်းသက်ဆိုင်နေပါတယ်။ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆက်စပ်ပြီး လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးဆိုတာ အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါတယ်။
ဆိုကြပါစို့ မိမိတို့၏ စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး၊အစရှိသည်တို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေက လိုအပ်နေမှာအမှန်ပင်ဖြစ်ပါတယ်။အဲဒီလိုအပ်ချက်တွေဟာ မိမိတို့ မိသားစု တစ်ခုထဲတွင် သာမဟုတ်ဘဲ အခြားအခြားသော မိသားစု မိမိတို့ပတ်ဝန်းကျင် ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ အပြန်အလှန် ပေါင်းကူး ဆက်စပ်နေမှာပင်ဖြစ်ပါတယ်။ သို့ကြောင့် နိုင်ငံရေးဆိုတာ လူသားတို့အားလုံး၏ အရေးကိစ္စသာ ဖြစ်ပါတယ်၊ဒါ့ကြောင့် လူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော နိုင်ငံရေးဖြစ်စဉ်အတွင်း၌ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက် သင့်ကြပါတယ်။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာသည် ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်သစ်ကြီး ဖြစ်ပေါ်နေမည်ပင် ဖြစ်ပါတယ်။ လူသားတို့၏ စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊တိုမရှိဘဲ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊တိုဖြင့်သာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး သည် အရေးကြီးလှပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြပါတယ်။နှစ်ပေါင်းများစွာ တိုက်ပွဲများဖြင့် ကြုံတွေ့နေခဲ့ရလို့ တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြားမှာ နှစ်ဖက်လက်အောက်ငယ်သားတွေနဲ့ နယ်မြေခံလူထုတွေဟာ အမျိုးမျိုး ဒုက္ခဆင်းရဲ အသက်၊ သွေး၊ ချွေးနဲ့ ဘ၀စတာတွေ ပေးဆပ် စတေး ခဲ့ကြ ရပါတယ်။ လူငယ်လူရွယ်တွေဟာလည်း စနစ်ဆိုးရဲ့သားကောင်တွေဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ရပ်ရွာကိုစွန့်ခွါ တ၀မ်းတခါးအတွက် ပင်ပန်းဆင်းရဲစွာ ဘ၀ကို ရုန်းကန် နေကြရပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တချို့က အိပ်ဖို့တောင် ဘယ်လိုနေရာ ရှာရမှန်းမသိသလို တချို့ကလည်း ဆာလောင်မွတ်သိပ် ငတ်ပြတ်နေလို့ မျက်ရည်တွေ ဖြိုင်ဖြိုင် ယိုစီးနေကြရတယ်။ ဒုက္ခသည်တွေရဲ့ဘ၀ဟာ လုံခြုံမှုကင်းမဲ့နေသလို သူတို့ကလေးတွေရဲ့ ပညာရေးကိုလည်း ထိခိုက်စေပါတယ်။ ပြည်တွင်းစစ်တွေကြောင့် စစ်အင်အား အဆမတန်တိုးချဲ့ မူ၊ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမူ၊ နိုင်ငံ တကာဆက်ဆံရေး ညံ့ဖျင်းမူတွေကို ပြည်သူတွေသာ ခါးစီး ခံနေရတဲ့ သာဓက တစ်ခု ပင်ဖြစ်ပါတယ်။ သူတို့တွေအားလုံးရဲ့ ဘုံသဘောဆန္ဒကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တာပဲ ဖြစ်ပါတယ်။အာဏာရှင်စနစ် ရဲ့ဆိုးမွေတွေကို သူတိုတတွေ မနှစ်သက်ကြပါဘူး။ ဒီနေရာမှာ အဓိကအချက်က ဘာကြောင့် ဒီမိုကရေစီကို ပြည်သူများက တောင်းဆိုခဲ့ကြ ရပါသလဲ။ ဒီအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်နေခဲ့ကြရတယ်၊ အခုလည်း ပေးဆပ်နေကြရဆဲ၊ ဆက်လက်ပြီးတော့ ပေးဆပ်ရန် အဓိဌာန်ချထားသူတွေရှိနေကြဆဲပင် ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတာ အဖြေကရှင်းပါတယ်။ အာဏာရှင်စနစ်ကို လုံးဝဥဿုံ လက်မခံနိုင်သောကြောင့်ပင် ဖြစ်ပါတယ်။ ဒီမိုကရေစီ၏ အနှစ်သာရဆိုတာ ပြည်သူ့ထံမှ ဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည် စီးဆင်းစေခြင်းပင် ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေနှင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းတို့ကြောင့် ဒီမိုကရေစီကို လူကြိုက်များလာကြတာပင် ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီမိုကရေစီဟာ လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိ တဲ့ တစ်ပါတီစနစ်မဟုတ်ဘဲ လူသားတွေရဲ့ မွေးရာပါအရည်အချင်းတွေကို အသိအမှတ်ပြုမှုအပေါ် အခြေခံထား တဲ့အတွက် ကြောင့်ပင်ဖြစ်ပါတယ်။နိုင်ငံသူနိုင်ငံသားများက မိမိတို့ ဆန္ဒအရ လွတ်လပ်စွာပါဝင် ဆုံးဖြတ်နိုင်ခွင့် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရေး လူသားတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်၊ ဂုဏ်သိက္ခာတို့ကို အသိအမှတ်ပြု လေးစားမှုနဲ့ အလိုဆန္ဒတို့ကိုဖြည့်ဆီပေးနိုင်မှုတွေဟာ ဒီမိုကရေစီ ရဲ့ဖြစ်စဉ်တွေဘဲဖြစ်ပါတယ်။ တန်းတူညီမျှ ခြင်းနဲ့လွတ်လွပ်ခြင်းတို့ အဲဒီအခြေခံကျ တဲ့မူ တွေက နိုင်ငံသားအားလုံးကို ဥပဒေအောက်တွင် ညီမျှမှုနဲ့ ဥပဒေပြုမှုတို့တွင် ညီမျှစွာပါဝင်နိုင်ခြင်းတွေဟာ ဒီမိုကရေစီရဲ့ ထူးခြားတဲ့ ဂုဏ်အင်္ဂါများအဖြစ် ဖြစ်နေပြီး၊ မရှိမဖြစ်လိုအပ်နေပါတယ်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဖြစ်စေရန် ထိုစံကို မှီနိုင်သ၍မှီရန် ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ပြီး အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည် အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်း ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီ အစိုးရ ဖြစ်ပေါ်လာစေရန် ပုဂ္ဂိုလ်ရေးကို ဦးစားမပေးဘဲ မိမိတို့နိုင်ငံတော်အတွက်သာရှေ့ရှုပြီး ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ် များက အုပ်ချုပ်မှု ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ် များက ဆောင်ရွက်ကြသော အုပ်ချုပ်မှု ဖြစ်စေရန် ကြိုးစားဆောင်ရွက်သွားကြရမှာပင်ဖြစ်ပါတယ်။ ပြည်သူလူထုအများစုကြီး၏ အကျိုးကိုပုံဖော်နိုင်ရန် လူထုအခြေပြုနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ ကလည်း သတိပြုကြရန်မှာ ပြည်သူ လူထုကို စနစ်တကျ ကိုယ်စားပြုသော နိုင်ငံရေး ပါတီ၊ ပြည်သူကို အစစ်အမှန် ကိုယ်စားပြုသော၊ ကောင်းမွန်သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ခေါင်းဆောင်တစ်ဦးတည်းပေါ်တွင် ဗဟိုပြုသော၊ လူတစ်စု အပေါ်တွင် တည်မှီနေသော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများထက်၊ လူထုကိုစနစ်တကျ ကိုယ်စားပြု သော ပါတီ၊ အဖွဲ့အစည်းမျိုးကို တည်ဆောက်ရမည်မှာ လက်ငင်းနိုင်ငံရေးပြဌာန်းချက် ပင်ဖြစ် နေပါ တယ်။ မြန်မာ့လူ့ဘောင်၌ နိုင်ငံရေးပါတီကောင်း၊ အဖွဲ့ အစည်းကောင်းများ တည်ဆောက်ရေးသည် မျက်မှောက်ခေတ် နိုင်ငံရေးခေါင်းဆောင်တိုင်း၊ ကြီး၊ ငယ်၊ လတ်မရွေး၊ အားလုံးတွင် တာဝန်ရှိနေပါတယ်။ ယနေ့ ပြည်တော်ပြန် ထောင်တော်ပြန် ပြည်ပအတိုက်အခံအဖွဲ့အစည်းများနှင့် ပြည်တွင်းအတိုက်အခံ အဖွဲ့အစည်းများ၊ ပြည်တွင်းတိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်တော်ပြန်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အားလုံး နားလည်မှုပြန်လည် တည်ဆောက် ကြပြီး ကြားလေသွေးလို့ နားလည်မှု၊ ယုံကြည်မှု လျော့ရဲခဲ့တဲ့ ကာလတွေကို ဖြတ်သန်းပြီးသကာလ ယနေ့အချိန်အခါမှစ၍ မြန်မာ့နိုင်ငံရေး ပတ်ဝန်း ကျင်တွင် ပြည်ထောင်စု စစ်စစ်မူ ခေါ် ဖက်ဒရယ်မူ အပေါ်အခြေခံသည့် လက်တွေ့ကျကျပုံဖော်ရေး ကို ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်သို့ရောက်နေပြီပင်ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုတာ “နေ့ချင်း၊ ညချင်း မဖြစ်ဘူး..၊ အချိန်ယူရတယ်” ဆိုတာမျိုးကို နားလည် သည်းခံ စောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို သွားနေတဲ့ အခြေအနေမျိုးမှာသာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေကကို အခြေမခိုင်၊ မူမမှန်ဘဲ တခြား နိုင်ငံရေး အုပ်စု အသီးသီးနဲ့ ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက် ဖြစ်နေရတဲ့ စစ်အုပ်စု အလိုကျ အခြေအနေမျိုးမှာ ခုအချိန်မှာ ရပ်တန်းကရပ်ပြီး နည်းလမ်းသစ် ရှာသင့်ပြီလို့ထင်ပါတယ်။ ဒီမိုကရေစီအတုအိမ်မက် ကနေ နိုးထဖို့ သင့်ပါပြီ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေးနှင့် မဖြစ်နှိုင်တော့တဲ့အခြေအနေမှာ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြု နိုင်ငံရေးလမ်းစဉ် နဲ့ အလုပ်တွေကိုလည်း အခုထက် ပိုမိုအလေးပေးဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ ပြည်သူလူထုကိုဒီမိုကရေစီနှင့်နိုင်ငံရေးအသိအမြင်ပညာပေးရေး၊ အာဏာရှင်စနစ်သို့ ပြန်လည်ဦးတည်နိုင်မည့် လားရာများ၊ အနေအထားများကို ကြိုတင်သိရှိပြုပြင်နိုင်ရေး နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဖွဲ့အစည်းများ ပြည်တွင်း နှင့်ပြည်ပအဖွဲ့အစည်းများ၊ အင်အားစုများအ ကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကို အခြေခံ ခိုင်မာ၊ ကျယ်ပြန့်သော တပ်ပေါင်းစု တရပ်ဖြစ် ပေါ်လာရေး မြန်မာ့ဒီမိုကရက်တစ်လူ့ဘောင်ဖွံ့ဖြိုးရေးအတွက် တပ်ပေါင်းစု သို့မဟုတ် ပူးတွဲအလုပ်ကော်မတီ ဖွဲ့ရန်လိုအပ် နေပြီဖြစ်ပါတယ်။ ပြည်သူလူထု သည်လည်းကောင်း၊ တပ်မတော်သားအပေါင်းတို့ သည်လည်းကောင်း မိမိတို့ ရည်မှန်းချက် ပန်းတိုင်အရောက် အချိန်မနှောင်းသေးခင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားတန်းတူညီမျှရေးကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ထွန်းလာရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ ကိုအခြေခံ၍ တိုင်းရင်းသား လူမျိုးစုများ၊ ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများ၊ ပြည်ထောင်စုအစိုးရနှင့် တပ်မတော် အပါအဝင် အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ ဆီသို့ ဆက်လက်ချီတက်ကြဖို့ အားသစ်လောင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဇော်ဝမ်းမောင်…..။ From Facebook
ဆက်ဖတ်ရန်...
20:37

ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်း အများဆုံး နေထိုင်

ရှမ်းပြည်နယ်တခုလုံးမှာ ပအိုဝ်းတိုင်းရင်းသားများက ရှမ်းပြီးရင် ဒုတိယအများဆုံး နေထိုင်ပါတယ်။ ရှမ်းပြည်ကို တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း အပိုင်းသုံးပိုင်းခွဲလိုက်ရင် ပအိုဝ်းတွေက ရှမ်းပြည် တောင်ပိုင်းမှာ အခြားသော တိုင်းရင်းသားများထက် အများဆုံး နေထိုင်တယ်ဆိုတာ ၁၉၈၉ ခုနှစ်ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်တဲ့အတွက် လက်ရှိလူဦးရေ စာရင်းမှန်ကို ပြောရခက်ပါတယ်။ လာမည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းလောက်မှာ အတိအကျ သိရပါလိမ့်မယ်။ ဒီအချက်အလက်တွေက လည်း လာမည့်၂၀၁၄ခုနှစ် လူဦးရေ သန်းကောင်စာရင်း ကောက်ယူရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
အောက်ပါ ဖော်ပြချက်အရ…………… ၁၉၈၉ခုနှစ်ထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှာ ဖော်ပြချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်စုအတွင်းမှာ စုစုပေါင်းလူဦးရေ (၉၇၃,၄၈၈) ယောက် ရှိပါတယ်။ လွိုင်လင်မြို့နယ်စုတွင်းမှာ စုစုပေါင်း လူဦးရေ (၅၉၂,၄၁၅)ရှိပြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ်စုနှင့် လွိုင်လင်မြို့နယ်စုတို့မှာ လူဦးရေစုစုပေါင်း (၁,၅၆၅,၉၀၃) ရှိကြောင်း ဖော်ပြ ထားပါသည်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ မြို့နယ်အလိုက် နေထိုင်ကြတဲ့ ပအိုဝ်းများ၏ လူဦးရေ စာရင်းများတော့ တောင်ကြီးမြို့နယ် ၁၄၄,၆၁၉၊ ဟိုပုံးမြို့နယ် ၆၃,၃၀၄ ၊ ဆီဆိုင် မြို့နယ် ၆၁,၅၁၀၊ ညောင်ရွှေမြို့နယ် ၆၀,၂၀၇၊ ပင် လောင်းမြို့နယ် ၁၀၉,၉၂၄ ၊ ကလောမြို့နယ် ၅၂,၄၆၇၊ ရပ်စောက်မြို့နယ် ၄၇,၀၁၁၊ ပင်းတယမြို့နယ် ၂၅,၉၅၂၊ ရွာငံမြို့နယ် ၂၅,၇၅၁ ၊ ဖယ်ခုံမြို့နယ် ၂၆,၄၃၃၊ ရှိကြောင်း ဖော်ပြထား တာတွေ့ရပါတယ်။ တောင်ကြီးမြို့နယ်စုအတွင်းမှာ ပအိုဝ်းတိုင်းရင်းသားဦးရေ စုစုပေါင်းကတော့ ၆၁၇,၁၈၈ ရှိကြောင်း သိရပါသည်။ ဒါအပြင့် လွိုင်လင်မြို့နယ်စုအတွင်း မြို့နယ်အလိုက်နေထိုင်ကြသော ပအိုဝ်းလူဦးရေစာရင်းများမှာ လွိုင်လင်မြို့နယ် ၇၉,၀၁၉၊ နမ့်စန်မြို့နယ် ၂၇,၂၆၇၊ မိုးနဲမြို့နယ် ၁၆,၁၇၁၊ မောက်မယ်မြို့နယ် ၁၅,၄၈၃၊ မိုင်းကိုင်မြို့နယ် ၂၉,၅၁၇၊ မိုင်းပွန်မြို့နယ် ၁၂,၇၅၆၊ လင်းခေးမြို့နယ် ၁၄,၁၃၈၊ လဲချားမြို့နယ် ၁၇,၉၀၅၊ ကျေးသီးမြို့နယ် ၁၂,၂၉၆၊ ကွန်ဟိန်းမြို့နယ်(ခန့်မှန်း) ၅၀,၀၉၊ မိုင်းရှူး မြို့နယ် (ခန့်မှန်း) ၅,၀၀၀ အသီးသီးရှိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်စုအတွင်း ပအိုဝ်း တိုင်းရင်းသားဦးရေ စုစုပေါင်း (၂၃၄,၅၅၂) ရှိကြောင်း သိရသည်။ ထို့ကြောင်း ရှမ်းပြည်တောင်ပိုင်း အကျယ်အဝန်း စတုရန်းမိုင်ပေါင်း (၂၄၆၃၉)ရှိပြီး လူဦးရေ စုစုပေါင်း (၁,၅၆၅,၉၀၃) ရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားဦးရေ (၈၅၁,၇၄၀)ရှိကြောင်း သိရပါသည်။ ရှမ်းပြည်တောင်ပိုင်းတွင်း ပအိုဝ်းတိုင်းရင်းသားများသည် တောင်ကြီးမြို့နယ်နှင့် လွိုင်လင်မြို့ကို ဗဟိုပြု၍ အနောက်ဘက်တွင် ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ရွာငံမြို့နယ် ဧရိယာအဆုံး ၊မြောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ် နယ်စပ်နှင့် တောင်ကြီးမြို့ နယ်အဆုံး ၊ မောက်မယ် မြို့နယ်အဆုံး ထိုင်းနိုင်ငံထိ လူဦးရေ ထူထပ်ပျံ့နှံ့စွာနေထိုင် လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ From Facebook
ဆက်ဖတ်ရန်...
20:32

ဖဒရယ်ကို ၈ပြည်နယ်မူနှင့်စမှာလား၊ပြည်နယ်သစ်များပေါ်ထွန်းရေးနှင့်စမှာလား

တိုင်းရင်းသားများ အနှစ်နှစ်အလလ လက်နက်ကိုင်ဆင်နွှဲနေတဲ့ အဓိက မျှော်မှန်းချက်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ် တည်ဆောက်ရေးပါပဲ။ ဒါပေမယ့် ဖယ်ဒရယ်ကို ဘယ်လိုပုံစံနဲ့ ဖွဲ့မလဲဆိုတာ ယနေ့အချိန်မှာ တိတိကျကျ မသိသေးပါဘူ။ ငြင်းခုန်နေတုန်းပါပဲ။ စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကသာ မြန်မာပြည်ရဲ့ နိုင်ငံရေး ထွက်ပေါက်လို့ အများက လက်ခံထားကြပါတယ်။ ဖယ်ဒရယ်လို့ဆိုရင် လက်ရှိပြည်နယ် ၇ခု နဲ့ တိုင်းဒေသ ၇ခုအတိုင်း ဖွဲ့မှာလား။ ဒါမှမဟုတ် လူမျိုးကြီး ၈ မျိုး ရှိသည့်အတိုင်း ၈ ပြည်နယ်နှင့် စဖွဲ့မှာလား။ ၈ ပြည်နယ်နှင့် စဖွဲ့မယ်ဆိုရင် ဗမာပြည်နယ်ပေါ်ပေါက်လာမှ ရပါမယ်။ ဗမာပြည်နယ် ဖွဲ့ရမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် တိုင်းဒေသအချို့ကို ဗမာပြည်နယ်ဖွဲ့လိုက်ရင် ဗမာလူမျိုးများက သဘောတူနိုင်ပါ့မလာ။ ယနေ့အချိန်မှာ ၈ ပြည်နယ်မှု နဲ့ ပတ်သတ်ပြီး ဗမာအများစုက သဘောတူလေ့ မရှိသေးပါဘူး။ ငြင်းခုန်တုန်းပါပဲ။
တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ်လက်ခံပေမယ့် ပြည်ထောင်စုမှာ ဗမာပြည်နယ်ဖွဲ့ပြီး ပါဝင်ဖို့တော့ လက်ခံနိုင် ဖို့ ခက်နေသေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုရှိတဲ့ လူမျိုးနဲ့ လူနည်းစုရှိတဲ့ လူမျိုးကာ ဖယ်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးအရ တန်းတူရည်တူ ဆိုတဲ့ သဘောဖြစ်နေလို့ပါဘဲ။ ဒီသဘောကို အချို့ လက်မခံနိုင်သေးပါဘူး။ ဒါကို အချိန်ယူ၊ ညှိနှိုင်းရအုံးမယ် ထင်တယ်။ ပြည်ထောင်စုဖွဲ့တဲ့အခါ ၈ ပြည်နယ်နှင့် စပြီး ထူထောင်မှာလား ဆိုတာ တိတိကျကျ မသိသေးပေမယ့် ယေဘူယျအားဖြင့်တော့ ကြိုဆိုပါတယ်။ မြန်မာပြည်မှာ အဓိက တိုင်းရင်းသား လူမျိုးကြီး ၈ မျိုး နေထိုင်တယ်။ အခြားသော လူမျိုးငယ်လည်း ရှိတယ်ဆိုတာ အသိအမှတ်ပြု ပါတယ်။ အထူးသဖြင့် ပြည်နယ်သစ်များ ဖွဲ့စည်းပြီး ပြည်ထောင်စုထဲမှာ ပါဝင်ဖို့ တောင်းဆို ၊ပြင်ဆင်နေတဲ့ ပြည်နယ်သစ်အရည်အချင်း ပြည့်မှီသည့် တိုင်းရင်းသားများလည်း ရှိပါတယ်။ အဲဒီထဲမှာ ပအိုဝ်း တိုင်းရင်းသားများလည်း အပါအ၀င်ပါပဲ။ ပအိုဝ်းတိုင်းရင်းသား အနေဖြင့် ပြည်ထောင်စုကို ပြည်နယ်သစ်များ ပေါ်ထွန်းရေး (သို့) ဖွဲ့စည်းနိုင်ရေး စတဲ့ မှု နှင့်သာ ထောက်ခံ၊ ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံမှာ ၄င်းမှု ပါဝင်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ပအိုဝ်းကိုယ်ပြည် နယ်ရရှိရေး၊ ပေါ်ပေါက်လာရေး ၊ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုမှာ ပါဝင်ရေး အတွက် နိုင်ငံရေးအရ ဆန္ဒရှိ တောင်းဆိုနေကြသည့် ပအိုဝ်း လူငယ် လူရွယ်များအဖို့ မည်သည့် ပြည်နယ်မှာ နေထိုင်နေထိုင် မြန်မာတပြည်လုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် မိမိတို့ နေထိုင်ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ သဘောပေါက် နားလည်ခြင်းဖြင့်သာ မိမိတို့ အခွင့်အရေးကို တောင်းဆိုနိုင်ပေသည်။ From Facebook
ဆက်ဖတ်ရန်...
08:19

မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမ အခွင့်အရေး အပြည့်အဝ မရှိဟုဆို

ပညာရေးမူဝါဒ ပြောင်းလဲမှုများ ဆောင်ရွက် နေသော်လည်း မြန်မာနိုင်ငံရှိ အခြေခံနှင့် အဆင့်မြင့် ဆရာ၊ ဆရာမများသည် ၎င်းတို့ အခွင့်အရေးများကို အပြည့်အဝ မရရှိကြကြောင်း ကမ္ဘာတစ်ဝန်း ဆရာ၊ ဆရာမများ အသံကို စောင့်ကြည့် စစ်ဆေးနေသော Education International (EI) အဖွဲ့ကြီး၏ အာရှ-ပစိဖိတ် ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Aloysius Mathews က The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံမှဆရာ၊ ဆရာမများသည် အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ငြိုငြင်မှုများ ခံနေရပြီး အချိန်ပို အလုပ်များနှင့် အားလပ်ချိန် နည်းပါးကြကြောင်း၊ ယင်းအပြင် ဆရာ၊ ဆရာမများ၏ လစာနှုန်းထားမှာလည်း အာဆီယံနိုင်ငံများထက် အလွန်နည်းပါးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ရာထူး အပြောင်းအရွှေ့ ပြဿနာ၊ အဆောင် အခက်အခဲနဲ့ လူမှုစီးပွား ပြဿနာတွေ ရင်ဆိုင်နေ ရတယ်” ဟု မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ အသံများ ဆွေးနွေးပွဲ ကျင်းပစဉ် ရရှိခဲ့သော အချက်အလက်များကို ကိုးကား၍ တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ပြောကြားသည်။ အဆိုပါ အခက်အခဲများကို ဖြေရှင်းရန် ဆရာ အသင်းအဖွဲ့များ ပေါ်ပေါက်ရန် လိုအပ်ပြီး ယင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ အခွင့်အရေးများ ရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို အသုံးစရိတ် ပံ့ပိုးရာ၌ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ပွင့်လင်းမြင်သာမှု ရှိစွာ ပံ့ပိုးပေးရန် လိုအပ်ကြောင်း Mr.Aloysius Mathews ကဆိုသည်။ EI အနေနှင့် မြန်မာအစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီထက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပြီး ပညာရေး အသုံးစရိတ် ပိုတိုးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများ၏ စွမ်းရည် တိုးတက်စေရန် အတွက်လည်း ဟောပြောပွဲများ နှစ်စဉ် ပြုလုပ် သွားရန် ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။ မြန်မာနိုင်ငံက ဆရာ၊ ဆရာမများအတွက် EI၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) နှင့် တက္ကသိုလ် ဆရာ၊ ဆရာမများ အသင်းတို့ ပူးပေါင်းကာ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ပညာရေး မူဝါဒ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ Asia Plaza ဟိုတယ်၌ ကျင်းပခဲ့သည်။ နိုင်ငံတကာ ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်သော EI သည် နိုင်ငံတကာမှ အဖွဲ့ဝင် သန်း ၃၀ ဦးနှင့် နိုင်ငံပေါင်း ၁၇၀ မှ ပညာရေးသမဂ္ဂများ ပါဝင် ဖွဲ့စည်းထားသော ပညာရေး ဝန်ဆောင်မှု အဖွဲ့ကြီးတစ်ခု ဖြစ်သည်။ The Voice Weekly
ဆက်ဖတ်ရန်...