20:16

အမေရိကန်သံတမန် ဒေါ်စုနဲ့ တွေ့မည်

အမေရိကန် အစိုးရရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ရဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြား ထိတွေ့ဆက်ဆံမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
“မြန်မာအစိုးရနဲ့ ဆက်ပြီးရှိနေတဲ့ ဆွေးနွေးမှုတွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ဒီခရီးစဉ်ကို သွားတာပါ။ ကျနော်တို့ မြန်မာအစိုးရကို လုပ်ဖို့ တောင်းဆိုနေတာတွေကလည်း ဝေဝါး ပြောင်းမသွားပါဘူး။ မြန်မာပြည်သူတွေအပါ် အခုနဲ့မတူတဲ့ သဘောထားမျိုးနဲ့ ဆက်ဆံဖို့ မြန်မာအစိုးရကို တောင်းဆိုထားတာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးစေချင်ပါတယ်။ ဒီသတင်းစကားတွေကို မစ္စတာယွန်းက မြန်မာအစိုးရကို ပြောမှာ ဖြစ်ပါတယ်။” အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အင်္ဂါနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးနဲ့ အင်္ဂါနေ့ကတည်းက ရောက်နေတဲ့ မစ္စတာ ဂျိုးဇက် ယွန်းဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေသူတွေ၊ NGO တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ News from VOA
ဆက်ဖတ်ရန်...
20:52

ပအိုဝ်းဂီတစာဆို ခွန်သာဒွန်း၏ အတ္ထုပတ္တိအကျဉ်းချုပ်


ပအိုဝ်းခေတ်ပေါ် တေးသီချင်းများကို ပထမဆုံး သီဆိုမွေးထုတ်ခဲ့သူ ခွန်သာဒွန်းသည် ကောဇာသက္ကရာဇ် ၁၃၀၆ ခု သီတင်းကျွတ်လာဆန်း (၈)ရက်နေ့တွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာနေ ဗိုလ်ဟိန်မောင် (ပအမဖ ဥက္ကဋ္ဌ)နှင့် နန်းလွဉ်း တို့၏ ဖွားမြင်သည့် သားသမီး (၇)ဦးအနက် ဒုတိယ အကြီးဆုံးသော သားဖြစ်သည်။
ခွန်သာဒွန်းသည် အသက် (၇)နှစ်အရွယ်တွင် ကလောမြို့ ဂျိန်းစ်ဝတ် နှစ်ခြင်းခရစ်ယာန်ကျောင်း၌ စတင်ပညာ သင်ကြားပြီး ပဉ္စမတန်းပညာကို သင်ယူစဉ် ဖခင်ဖြစ်သူ ဗိုလ်ဟိန်မောင်က လုပ်ကြံသတ်ဖြတ် ဖျောက်ဖျခြင်းကို ခံခဲ့ရသည်။ န၀မတန်း ပညာသင်နှစ်တွင် စာမေးပွဲကျရှုံးသဖြင့် “ကျနော်ဟာ အများထမင်းကို စားတယ်ဆိုတော့ အများရဲ့ ထမင်းကျေးဇူးကို ပြန်ဆပ်မည်ဟု” ဆိုကာ ကျောင်းထွက်ရန် သံဒိဋ္ဌာန်ချပြီး တောင်ကြီးမြို့နယ် နား ဗောင်ရွာတွင် ကျောင်းဆရာလုပ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ကျောင်းထွက်မည်ဟု သူ၏ ဆုံးဖြတ်ချက် ကို သူ့အဖိုး ဖြားထွဉ်က သဘောမတူသဖြင့် ပညာကို ဆက်လက်သင်ကြားစေခဲ့သည်။ အသက် (၁၈)နှစ်အရွယ် တွင် တောင်ကြီးမြို့ အထက်တန်းကျောင်း အမှတ် (၂)တွင် ပညာဆက်လက်သင်ကြားခဲ့သည်။ ခရစ်သက္ကရာဇ် ၁၉၆၆ တွင် ဆေးသက္ကသိုလ်(၂) ရန်ကုန်တွင် တက်ရောက်ပညာသင်ယူခဲ့သည်။ ၁၉၇၂ တွင် ဆေးသက္ကသိုလ် တွင် ဘီဗွီအဲစ် တိ-မွေး-ကု တိရစ္ဆာန်ဆရာဝန်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၇၁-၇၂ တွင် ဆေးတက္ကသိုလ်ပညာသင်ယူစဉ် တက္ကသိုလ်များရန်ကုန်တွင် ပအိုဝ်းကျောင်းသူ ကျောင်းသား များ ထုတ်ဝေသည့် ပထမအကြိမ် ပအိုဝ်းစာပေမဂ္ဂဇင်းတွင် အက်ဒီတာ (ပအိုဝ်းစာ) တာဝန်ကို ဆောင်ရွက် ခဲ့သည်။ ထိုအပြင် တက္ကသိုလ်များရန်ကုန်တွင် ကျောင်းသားသစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖြစ်မြောက်ရေး အတွက် အဓိကဦးဆောင်သူတဦးလည်းဖြစ်သည်။

ပအိုဝ်းတေးဂီတ အဖွဲ့(၂)ဖွဲ့ဖြစ်သည့် “မျိုခွန်ခွို” နှင့် “ကောဝ်းတဲုင်မွံ” တို့ကို တည်ထောင်ပေးခဲ့သူလည်း ဖြစ်သည်။ ခွန်သာဒွန်း ပထမဆုံး ရေးသား သီဆိုသည့် သီချင်းမှာ “နောင်ရွီး” ဖြစ်ပြီး သီချင်း၏ အနှစ်သာရက ပအိုဝ်းတော်လှန်ရေးကို ဖော်ထုတ်ပေးသည့် သီချင်းဖြစ်သည်။ ယနေ့ထိတိုင် မရိုးနိုင်သေးသည့် သူ၏သီချင်း သည် “တီးရီးရီး ရျော့” ဖြစ်သည်။ ထိုသီချင်းသည် ပအိုဝ်းနေ့ထူးနေ့မြတ်နှင့် ပွဲလမ်းသဘင်များတွင် လူငယ် မောင်မယ်မက သက်ကြီးရွယ်အိုပါ အမြဲလိုလို သီဆိုဖျော်ဖြေကြသည်ကို တွေ့ရသည်။ ခွန်သာဒွန်း ပါဝင် သီဆိုထားခဲ့သည့် သီချင်းခွေ စုစုပေါင်း(၄)ခွေရှိသည်။

တက္ကသိုလ်တွင် ဘွဲ့ရပြီးနောက် ၁၉၇၂ တွင် မွေးရပ်ဇာတိကို ပြန်လာပြီး တောင်ကြီးမြို့နယ် လုံးဟီးရွာတွင် စေတနာဝန်ထမ်းဖြင့် ကလေးများကို ပညာသင်ကြားပေးပြီး ကျောင်းဆရာ တစ်နှစ် လုပ်ခဲ့သည်။ ထိုနှစ်တွင် ခွန်သာဒွန်းသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်နေ ဆရာစံတူနှင့် နန်းဗဲတို့၏ သမီး နန်းစန်းကြည်နှင့် အိမ် ထောင်ပြုခဲ့သည်။ ၁၉၇၃ တွင် ပင်းတယမြို့နယ်ဦးစီးမှူးမှ တိရိစ္ဆာန်မွေးမြူရေး တာဝန်ကို (၄)နှစ်ကြာထမ်း ဆောင်ခဲ့သည်။ ထိုနောက် ၁၉၇၆ တွင် ဘန်းယဉ်၏ တောင်ဘက် နမ်းဟူ စိုက်ပျိုးမွေးမြူရေးဌာန ဦးစီးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ တွင် ဆီဆိုင်မြို့၌ နေထိုင်စဉ် မြို့နယ် လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်နှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်လည်း ဆောင်ရွက်ခဲ့သည်။

၁၉၇၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ ည (၇)နာရီအချိန်တွင် အသက်(၃၄)နှစ်အရွယ် ခွန်သာဒွန်းသည် ဆီဆိုင်မြို့ရှိ ၎င်းနေအိမ်၌ ဗမာပြည်ကွန်မြူနစ်ပါတီ သြဇာလွမ်းမိုးထားသည့် ရလလဖ အဖွဲ့၏ ရဲဘော်တစ် ယောက်က ၀င်ရောက် ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ ၎င်း၏ ဇနီးနှင့်အတူ သားသမီးများဖြစ်သော ခွန်သိန်း၊ ခွန်ဗညား နှင့် နန်းသာသာထွေး တို့ကျန်ရစ်ခဲ့သည်။ လုပ်ကြံပစ်သတ်ခြင်းခံရသော ခွန်သာဒွန်းသည် ပအိုဝ်း အမျိုးသားများ အတွက် ပြန်အစားထိုးလို့မရသည့် ကြီးမားသော နစ်နာဆုံးရှုံးမှု တစ်ရပ်ဖြစ်ခဲ့ရသည်။ သို့သော် လည်း ခွန်သာဒွန်း၏ မွေးထုတ်ထားသော ခေတ်သစ် ပအိုဝ်းဂီတစာဆို အနုပညာသည် ယနေ့ထိတိုင် ရှင်သန် နေပြီး ကမ္ဘာတည်နေသရွေ့ ဆက်လက်၍ ရှင်သန်နေဦးမည် ဖြစ်သည်။
ဆက်ဖတ်ရန်...
20:47

ပအိုဝ်းနဲ့ အမေရိကန်တို့ရဲ့ စာစကား


ပအိုဝ်းစာပေ ဒုတိယခေတ်ရဲ့ တစ်ချို့သောစကားလုံးတွေမှာ အသံအမျိုးမျိုးထွက်နေသလို အနက်အဓိပါယ် လည်း အဖုံဖုံဖြစ်နေတဲ့ ချို့ယွင်းချက်တွေကြောင့် အကြီးစားပြုပြင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဒီအခက်ခဲ တွေကို ဖြေရှင်းနိုင်ဖို့ စာပေပညာရှင်တွေ သံဃာတော်တွေက ပိုပြီးကောင်းမွန်မယ့်၊ အများကလက်ခံ အသုံးပြု နိုင်မယ့် စာမူသစ်တစ်ခုကို တီထွင်ကြဖို့ စာမူသစ်ရွေး ချယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သလို ရွေးချယ်ပြီးလာမယ့် စာမူကိုလည်း ပအိုဝ်းစာပေမူသေအဖြစ် အရှည်တည်တန့်အောင် ပအိုဝ်းစာပေ မူသေဖြစ်မြှောက်ရေးအဖွဲ့ကိုပါ ဖွဲ့စည်းခဲ့ကြတာကိုတွေ့ရပါတယ်။
စာပေမူသေဖြစ်မြှောက်ရေးအဖွဲ့ကို ဦးဆောင်သူမှာ အင်းလေးခုံဆရာတော် ဦးသူရိယဖြစ်ပြီး ပအိုဝ်းစာပေမူသေ ဖြစ်မြှောက်ရေးအဖွဲ့ကို ဦးဆောင်သူမှာ တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးမှ ဆရာတော်ဦးနရိန္ဒဖြစ်ပါ တယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့မှနေပြီး အောက် ပါစည်းမျဉ်းတွေကို သဘောတူရေးဆွဲခဲ့ကြပါတယ်။ ´´ ၁။ပအိုဝ်းစာပေ ဖြစ်မြှောက်ရေးအတွက်မြန်မာ၊ ယိုဒယား၊ သီဟိုဌ်၊သက္ကတ စသည်ဖြင့် ဘာသာစာပေတွေ အမျိုးမျိုး အထွေထွေရှိ သည်တို့တွင် ရှေဦးစွာ မြန်မာစာပေကိုသာမူတည်ရ်ျ ထုတ်ဝေရန်။ ၂။ ထိုကဲ့သို့ မူတည်ထုတ်ဝေရာတွင် ပါဋ္ဌိ ဘာသာနည်းစဉ်အတိုင်း ဌာန်၊ ကရိုဏ်း၊ ပယက်စသော သဒ္ဒါနည်းတို့ကိုမှီးရ်ျ ရှေး ဟောင်းပအိုဝ်း စာပေတို့ကို လည်း ပျက်စီးပျောက်ပျက်ခြင်းမရှိစေပဲ အသံစုံစုံလင်လင်နှင့်ထုတ်ဝေရန် `` ဆိုပြီး အဲသလိုသဘော တူခဲ့ကြတာ ဖြစ်တယ်။

အထက်က သဘောတူညီချက်တွေအရ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များနဲ့ စာပေပညာရှင်တွေက စာပေမူသစ်တစ်ရပ်ကို တီထွင်ကြပြီး စာပေမူသစ်ရွေးချယ်ရေးအဖွဲ့ဆီကို ရေးပို့တင်ပြလာကြတဲ့အခါ ထီသိမ့် ဆရာတော် ဦးသုနန္ဒရဲ့ စာမူသစ်ကိုရွေးချယ်ပြီး ပအိုဝ်းစာပေမူသေအဖြစ် အတည်ပြုခဲ့ကြပါတယ်။ ပအိုဝ်းစာပေ မူသစ် ဖြစ်မြှောက်ရေးအဖွဲ့ရဲ့ ဆုံဖြတ်ချက်အတိုင်း ၁၃၁၂ ခု၊ ကဆုန်လပြည့်ကျော်(၈) ရက်၊ တနင်္လာနေ့၊ နံနက်(၈) နာရီအချိန် တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးကျောင်းတိုက်မှာ ပအိုဝ်းစာပေမူသေကို ထုတ်ဝေ ဖြန်ချိဖို့ ဆွေးနွေးတိုင်ပင် ညှိနိုင်းခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ ပါမိုးနဲဆရာတော်၊ ထမ်းဖု ရာဆရာတော်နဲ့ သထုံ(ဆီဆိုင်)စော်ဘွားအိုကြီး သခင် ခွန်စိန်း၊ ခွန်ဟန်၊ ခွန်သင်နဲ့ ပအိုဝ်းဝန်ကြီး ဦးခွန်ဘိုးခင်တို့ တက်ရောက် ခဲ့ကြပါတယ်။ အဲဒီနေ့ဟာ ကျွန်တော်တို့ ပအိုဝ်းတွေရဲ့ စာပေတတိယခေတ် စတင်တဲ့နေ့လို့ဆိုရပါမယ်။ ( ပအိုဝ်း စာပေ အရှည် တည်တန့် ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် အဲဒီနေ့ကို ပအိုဝ်းများရဲ့ စာပေနေ့အဖြစ် PNO အဆင့်ထိ ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား သတ်မှတ်ပေးဖို့ မျှော်လင့်မိပါတယ် )

ပအိုဝ်းစာပေ တတိယမူသစ်ဆိုတာ မြန်မာသင်ပုန်းကြီးကို နှစ်ဆပွားပြီး ´´ ကော်မာ `` သင်္ကေတကို ထည့်သုံး ထားတာဖြစ်လို့ စာမူဟောင်း မပျက်ခြင်း၊ အသံစုံလင်ခြင်း၊ ပုံနှိပ်ဖို့အတွက် လွယ်ကူစေခြင်း စတဲ့အကျိုး ကျေးဇူးတွေ ရရှိယုံမကပဲ မြန်မာစာတတ် မြှောက်ပြီးတဲ့ ပအိုဝ်းတွေအတွက် ကိုယ့်စာပေကို အလွယ်တကူ သင်ကြား တတ်မြှောက်နိုင်တယ်ဆိုတာ စာရေးသူ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ဒါက အကောင်းဘက်ကို ကြည့်ပြီး ပြောတာပါ။ အဆိုးဘက်ကို ကြည့်ပြီးပြောရမယ်ဆိုရင်လည်း အတော်ကိုအန္တ ရာယ်ကြီးမားလှတဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းနေရတဲ့ စာပေဆိုတာကို မေ့ထားလို့မရပါဘူး။ စာဆိုတာ စကားရဲ့သင်္ကေ တဖြစ်လို့ စကား ကိုအထူးသတိထားပြီး ပြောနိုင်ကြပါမှ စာပေကိုကာကွယ်နိုင်မှာဖြစ်တယ်။ ခေတ်ပညာတတ် ပအိုဝ်းကျောင်းသား လူငယ်တွေ ပအိုဝ်းစကားပြောကြတဲ့အခါ မြန်မာစကားလုံးတွေကို ရောရောပြီး မသုံးမိဖို့အလွန် အရေးကြီးပါ တယ်။ အဲဒီလိုမသုံးမိဖို့ ပအိုဝ်းစာပေကို များများဖတ်ရင်း ပအိုဝ်းဝေါဟာရအသစ်တွေကို မျက်ခြေမပျက်လေ့ လာဖို့လိုပါတယ်။

ပအိုဝ်းစာပေကို ရေးသားနေကြတဲ့ ပအိုဝ်းကလောင်ရှင်တွေအနေနဲ့လည်း ဗွီဒီယိုဇာတ်လမ်းခွေတွေ၊ သီချင်းစာ သားတွေ၊ ကဗျာတွေ အစရှိတဲ့ စာပေအမျိုးမျိုးတွေကို ရေတဲ့အခါ စည်းလွတ်၊ ၀ါးလွတ်နဲ့ ပအိုဝ်းစာကိုဖျက်ပြီး ရေးမိနေတာမျိုးတွေ ရပ်တန်းကရပ်တန့် နိုင်ဖို့လိုပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ လိုက်နာနိုင်ဖို့ခက်ခဲနေမှန်း ကိုယ်ချင်းစာနာပါတယ်။ ပအိုဝ်းစကားကို ပြောနေကြတဲ့အခါ ဘာကြောင့်မြန်မာလို ညှပ်ညှပ်ပြီးပြောနေကြတာလဲ ဆိုတဲ့အဖြေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ပအိုဝ်းဝေါ ဟာရစကားမရှိလို့၊ ရှိလည်းစကားလုံးရဲ့ ထိရောက်မှုအားနည်းပြီး ပြောရတာအားမရလို့ ဆိုတဲ့အကြောင်းပြချက်တွေကိုတွေ့ ရမှာဖြစ်တယ်။ အဲဒီလို စကားပြောနေတဲ့အချိန်မှာ မြန်မာစကားကို ညှပ်ပြီးမသုံးချင်လို့ ဝေါဟာရသစ်တီထွင်ဖို့ စဉ်းစားလိုက်ဦး မယ်ဆိုပြီး ပြောနေတဲ့စကားကို ရပ်တန့်ထားလို့မရပါဘူး။ ဒါကြောင့် ညှပ်ညှပ်ပြီးပြော မိနေ ကြတာတွေ့ရပါတယ်။ တစ်ချို့ကြတော့ လည်း ကြွားဝါချင်တဲ့အနေနဲ့ မြန်မာစကားမတတ်တဲ့ ကျေးလတ်ရွာက လူတွေမှာကြားမှာ မြန်မာစကားကိုမလိုအပ်ပဲ တမင် ညှပ်ပြောရင်းနဲ့ ဝေါဟာရမွေးစားသားတွေ ဖြစ်သွားခဲ့ကြတဲ့ အလုံးရေပေါင်းလည်း မနည်းတော့ပါဘူး။

မြန်မာဝေါဟာရ စကားလုံးတွေကို ညှပ်ပြီးပြောလိုက်ယုံနဲ့ ပအိုဝ်စာစကား အပြီးအပိုင်ပျက်မသွားသေးပါဘူး။ အဲဒီလို ညှပ်ပြီးပြော နေတဲ့စကားလုံးတွေကို စာအဖြစ်ရေးလိုက်ပြီး စာမျက်နှာပေါ်မှာ တင်လာပြီဆိုရင်တော့ စာရော၊ စကားရော သမိုင်းနဲ့ချီပြီး ပျက် ကရောပဲ။ စာရေးတယ်ဆိုတာ စကားပြောသလိုမဟုတ်ပါဘူး။ ဝေါဟာရမရှိသေးရင် ရှိအောင်စဉ်းစားပြီးရေးဖို့ အချိန်တွေအများ ကြီးရပါတယ်။ ဝေါဟာရတွေ မွေးထုတ်ပေးဖို့ ဆိုတဲ့အလုပ်ဟာလည်း စာရေးဆရာတွေရဲ့အလုပ်တစ်ခုပါ။ ဒါကြောင့် စာရေးဆရာ ဆိုတာ အမျိုးသား ရေးတာဝန် အရမ်းကိုကြီးမားပါတယ်။ စာရေးဆရာတွေကိုယ်တိုင်က ကိုယ့်ရဲ့စာစကားကိုဖျက်စီးပြီး ရေးမိနေ တာမျိုးလောက် စိတ်မကောင်းဖြစ်ရတာ တစ်ခြားဘာမှမရှိတော့ဘူး။ ပအိုဝ်းစာစောင်မျိုးစုံတွေထဲက ကောက် နုတ်ထားတဲ့ ပျက်စီး နေတဲ့ ဝေါဟာရတစ်ချို့နဲ့ နဂိုကတည်းကတူညီနေတဲ့ အနေအထားတွေကို ဆင်ခြင်နိုင်ဖို့ တင်ပြပါမယ်။ စာမျက်နှာအရမ်းများသွား မှာဆိုးလို့ အနည်းငယ်ကိုသာ တင်ပြသွားမှာဖြစ်ပါတယ်။

မြန်မာ ................ ပအိုဝ်း..................... မြန်မာ ...................ပအိုဝ်း
အမျိုးမျိုး ...............အမျို့မျို့ ....................ဥာဏ်ဝရိယ ..............ဥာဏ်းဝရိယ
အစားစား ..............အစားစား ....................ရာသီဥတု ............... ရားသီးဥတု
မေတ္တာ ................မေတ္တား ....................အာရုဏ် ..................အားရုဏ်း
ဝါသနာ ................၀ါးသနား ..................လောကသဘာဝ ............လေားကသဘားဝ
ပဏာမ ................ပဏားမ့ ....................လောဘ ..................လောဘ
မင်္ဂလာ ................မင်္ဂလား .....................၀သန် ....................၀သန်း
ဂါရ၀ ..................ဂါးရ၀ .....................ဟေမာန်တ ...............ဟေးမာန်းတ
ကူညီ .................ကူးညီး .....................အနာဂတ် ................ အနားဂတ်း
အောင်မြင် ..............အောင်းမျင်း....................ဥပမာ ...................ဥပမား
အလင်္ကာ ..............အလင်္ကား ....................နောင်တ ................. နောင်းတ
ကဗျာ .................ကဗျာ ......................စာအုပ် ...................စာအုပ်
သုခုမအနုပညာ .........သုခုမအနုပညား .................သံသရာ ..................သံးသရား
တရား .................တရာ ......................ပုထုစဉ် ...................ပုထုစဉ်း
ဥပဒေ ................ဥပဒေး .....................ပကာသနာ ..................ပကားသန
လုံးဝ .................လုံးဝ .......................ဝေဖန် ........... .........ဝေးဖန်း
အစ ..................အစ .......................ပင်လယ် ...................ပင်းလယ်း
သတ္တာဝါ ..............သတ္တာဝါး ....................အရည်အချင်း ...............အရည်အချင်း
ဓလေ့ထုံစံ .... ........ဓလေ့ထုံစံး ....................အစစ်အမှန် ................အစဲစ်အမန်း
ပြည်သူလူထု ...........ပြည်သူလိုထု ...................အရောင် ...................အရောင်း
တိုးတက် ..............တိုတက် ......................တာဝွန် ....................တားဝွန်း
မာန ..................မားန ......................ရာဇ၀င် .....................ရားဇ၀င်း
ထွန်းကား ..............ထွန်ကာ .....................ခေတ် .....................ခေတ်
အတွက် ...............အတွက် ....................အလှူအတန်း ................အလှူအတန်
သာယာရေး ............သားယားရေ့ ................ညီညီညွတ်ညွတ် ..............ညီးညီးညွတ်ညွတ်
စာရင်း .................စားရင့် ......................သစ္စာ .....................သစ္စာ
ကိစ္စ ..................ကိစ္စ .......................ကမ္ဘာ ......................ကမ္ဘား
နှစ်နှစ်သက်သက် .........နစ်နစ်သက်သက် ................ဆရာ ......................ဆရား
ဝတ္ထု ...................၀တ္ထု .....................တစ်သက် ...................တသက်
ကုသိုလ် ................ကုသိုလ်း ...................လက်ခံ .....................လက်ခံး
စီးပွါးရေး ...............စီပွါရေ့ ....................ရည်ရွယ်ချက် ................ရေးရွယ်းချက်
ကားမှတ်တိုင် ............ကာ့မတ်တဲုင်း .................ထိန်းချုပ် .....................ထိန့်ချုပ်
အသက် .................အသက် ......................အတု ....................အတု
မင်္ဂလာပွဲ ..............မင်္ဂလားပွယ် ....................တိရိစ္ဆာန် ...................တိရိစ္ဆာန်း
ထူးဆန်း ...............ထူဆန် ......................အကျင့် ....................အကျင်
သတ္တိ .................သတ္တိ .......................ရောဂါ .....................ရေားဂါး
ဗဟုသုတ ..............ဗဟုသုတ ...................အကျိုးတရား .................အကျိုတရာ့
အရေး ..................အရေ့ ....................ဝေါဟာရ ....................ဝေါးဟားရ
အရွယ် ................အရွယ်း ...................အထိမ်းအမှတ် ................အထိန့်အမတ့်
ဖန်ဆင်း ...............ဖန်ဆင် .....................နုတ်ဆက် ..................နုတ်ဆက်
ပြဇာတ် ...............ပျဇာတ့် ......................ပုစ္ဆာ .......................ပုစ္ဆား
သက်သေ .............သက်သေး ...................ကိုယ်တိုင် ...................ကိုယ်းတဲုင်း
အကြောင်းကိစ္စ ..........အကျောင့်ကိစ္စ ..................စာအုပ် .....................စာအုပ်
ရုပ်ရှင် ..................ရုပ်ရှင် .....................ဆွဲကြိုး ....................သွဲးကျိုး
အိမ်ကျောင်း .............အိမ်ကျောင်း ...............အတန်းကျောင်း ..............အတန်ကျောင့်
ပယောဂ ..............ပယေားဂ .....................ဘောပင် ...................ဘောပိဉ်
စက်လှေကား ...........စက်လှေကား ....................ခဲတံ .......................ခဲဒန်
ဓါတ်လှေကား ...........ဓါတ်လှေကား ...................ခဲဖျက် ......................ခဲဖျတ်
စာမေးပွဲ ................စာမေးပွဲး ...................စာဖတ် .....................ဖတ်လိတ်
အယ်ဒီတာ ..............အယ်ဒီတာ .................ကားခစိုက် ....................စဲက်ကာ့ခ
လမ်းလျှောက်..............လမ်းလျှောက်...............အမူအယာ...................အမူအယာ
.... အစရှိတဲ့ ဝေါဟာ ရစကားလုံးမျိုးတွေ ဟာ မြန်မာနဲ့ပအိုဝ်း ပအိုဝ်းနဲ့မြန်မာဆိုပြီး ခွဲခြားလို့မရသလို ပအိုဝ်းတွေရဲ့ အနံ့အသက်တွေကို ကိုယ်ဝန်ဆောင် ပေးနိုင်တဲ့ စကားလုံးတွေ မဟုတ်တော့ပါဘူး။ မြန်မာက ပအိုဝ်းကိုတူတာပဲဖြစ်ဖြစ်၊ ပအိုဝ်းက မြန်မာကိုတူတာပဲဖြစ်ဖြစ် အဲဒီစကား လုံးတွေအတွက် မျက်ရည်နဲ့ရေစက်ချပြီး အမျှဝေသာဓုခေါ်ဖို့ပဲရှိပါတော့တယ်။

အမေရိကန်ရဲ့စာစကားတွေဟာ ဗြိတိသျှတို့ရဲ့စာစကားနဲ့ တူညီတယ်လို့ပြောနိုင်ပေမယ့် ပအိုဝ်းစာစကားနဲ့ မြန်မာစာ စကားတို့က မတူညီကြသေးပါဘူး။ တူညီလာခဲ့မယ်ဆိုရင်လည်း အမေရိကန်တွေလို Global Language အဖြစ် ဗြိတိသျှတို့စာစကားနဲ့ယှဉ်ပြီး ရပ် တည်နိုင်ဖို့ ကျွန်တော်တို့ပအိုဝ်းတွေမှာလည်း မြန်မာနဲ့ယှဉ်ပြီး စကားယဉ်ကျေးမှုတွေ ရပ်တည်နိုင်ဖို့ ဘာအင်အားမှ မတောင့်တင်းပါဘူး။ Globalization ခေတ်မှာ အင်အားကြီးတဲ့ယဉ်ကျေးမှုက ပြုပြင်ကာကွယ်၊ ထိန်းသိမ်းနိုင်ခြင်းမရှိတဲ့ အင်အားငယ်ယဉ်ကျေးမှုကို ၀ါးမျိုတဲ့ခေတ်ကိုရောက်လာပါပြီ။ မြန်မာစကားဟာ ပအိုဝ်းစကားဖြစ်လာဖို့နေနေသာသာ ကိုယ်ယဉ်ကျေးမှုနဲ့ လူမျိုးမပျောက်ဖို့ ကာကွယ်တားဆီး အချိန်တောင် ရလိုက်မှာ မဟုတ်ပါဘူး။ ဒီအထက်က ကျွန်တော်အနည်းငယ် ဥပမာရေးပြထားတဲ့ အမျှဝေလိုက်ရမယ့် စကားလုံးတွေကို ရေတွက်ပြလို့ မကုန်နိုင်ပါဘူး။ ဒါပေမယ့် ဒီအောက်ပါအတိုင်း ပြုပြင်လို့ရတဲ့ ဥပမာမျိုးကိုတော့ ရသလောက် ကျွန်တော်တို့အားလုံး ညီညွတ်မှဖြစ်ပါတော့မယ်။

မြန်မာစာစကား ................ပအိုဝ်းစာစကားပျက် .......................ပအိုဝ်းဝေါဟာရစစ်စစ်
စာအုပ် ..........................စာအုပ် ................................လိတ်ဖွူ
ဘောပင် ........................ဘောပိဉ် ................................ကံစွိုန့်
ခဲတံ ...........................ခဲဒန် .................................ကံသေင်း
ညီညွတ်ကြမယ် ................ညီးညွတ်လွဝင် ..............................ဖြွမ်းဗူးလွဝင်
ဒေသ .........................ဒေးသ ...................................ရပ်ရား
ကားမှတ်တိုင် ....................ကာ့မတ့်တဲုင်း .........................ကာ့အုံထွိုင်း/ခင်းလမ်း
လက်မှတ်ထိုး ...................ထိုးလက်မတ့် ..........................တဲမ်းစူမဲုင်/ထွို့စူမဲုင်
အတွက် ........................အတွက် ................................အတား
ကိုယ်တိုင် ......................ကိုယ်းတဲုင်း ..............................နမ်းတွမ်းနမ်း
ထိရောက်မှု ....................ထိရောက်မု့ ................................တွိုးခွိုင်းမု့
ခေတ် ..........................ခေတ် ...................................စိုး
ဓါတ်ခဲ .........................ဓတ်ခဲ ................................မေးအားခြုံး
စက်လှေကား ..................စက်လှေကား ..............................တဒွေါင့်စက်
ဓါတ်လှေကား ..................ဓတ်လှေကား .............................တဒွေါင့်ယုတ်
ကြော်ငြာ ......................ကျေားငြား ...............................အွဉ်းဟွိုန့်
ရွက်လှပန်း ....................က၀်းရွက်လှ .......................က၀်းလားတရေ့/က၀်းတခေါ့လား
ကာတွန်း .......................ကာတွန်း ................................ရုတ့်တယွို့
ကွမ်းယာဆိုင် ..................ကွမ်းယာဆဲင်း ...............................ဆဲင်းဖောပြူး
မေတ္တားလက်ဆောင် .............မေတ္တားလက်ဆောင်း ...........................မေတ္တားစူခူ
အိမ်အမှတ် .....................လမ်းအမတ့် ...............................လမ်းအမဲုင်
ပိုက်ဆံ ........................ပဲက်ဆန် ...................................ရွဉ်
ဆေးလိပ် .......................ဆီးလိပ် ..................................ယာထူ
မီးခလုတ် .......................မေးခလုတ် ................................မေးမောင်
မြို့ပတ်လမ်း .....................မြို့ပတ်လမ်း ............................တဖူလေပ်ဝေင့်
ရေသန့်ဗူး .......................ရေသန့်ဗူး .............................ထီကြောင်းဗုတ့်
ဆွဲကြိုး ........................သွဲးကျိုး ..................................ငွဉ်ဟွဲး
... အစရှိတဲ့ အဲဒီလိုစကား လုံးမျိုးတွေ ရေတွက်ပြလို့ မကုန်နိုင်လောက်အောင် အုံနဲ့ကျင်းနဲ့ လွတ်လွတ်လပ် လပ်ကြီးကို ပျက်စီးချင်တိုင်း ပျက်စီးနေတာကို တွေ့နိုင်ကြပါတယ်။

ပအိုဝ်းစာအုပ်တိုင်းရဲ့ စာမျက်နှာတွေပေါ်မှာ ဒီလိုစကားလုံးတွေ လက်ညိုးထိုးပြလို့ မကုန်နိုင်အောင် များပြားလှ ပါတယ်။ တာ တွေအားလုံးဟာ ပအိုဝ်းစာအုပ်မျိုးစုံတွေထဲကနေပြီး ကောက်နုတ်ထားတဲ့ စာစကားပျက်တွေထဲက တချို့ကိုသာ ဖော်ပြထား တာလောက်ပဲရှိပါသေးတယ်။ ပအိုဝ်းစာပေ၊ ပအိုဝ်းစကားရဲ့ လက်ရှိအခြေနေတွေနဲ့ စည်းလွတ်၊ ၀ါးလွတ် ခရီးသွားနေမယ်ဆိုရင် နောင်အနှစ်တရာ ၀န်းကျင်လောက်ဆို ဘာဖြစ်လာမလဲ။ ဒီလောက် သင်ယူရလွယ်ကူတဲ့ ပအိုဝ်းစာပေကိုတောင် မဖတ်တတ်၊ မ ရေးတတ်တဲ့ ပအိုဝ်းတွေအရေအတွက်ကလည်း အရမ်းကိုများလွန်းနေတယ်။ ဒါဟာအ ပြစ်မဟုဟ်ပါဘူး။ သူတို့တွေပြောပြောနေ တဲ့ ´´ ပအိုဝ်းစာကိုတတ် တော့ကော ဘယ်နေရာမှာသွားသုံးစားမလဲ `` ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှာဖွေတည်ဆောက်ပေးနိုင်စွမ်းတဲ့ သူရဲကောင်းမပြောနဲ့ လက်ရှိပအိုဝ်းစာပေရဲ့ အခြေနေအနေကို ဆိုးရိမ်ရကောင်းမှန်းသိတဲ့ သူရဲကောင်း ဆိုတာ တောင် မပေါ်သေးပါဘူး။ Top-ten စာရင်းထဲဝင်သွားတဲ့ သူရဲကောင်းနဲ့ အရပ်ထဲ၊ ရွာထဲတွေမှာ ကိုယ်ရောင်၊ ကိုယ်ဝါတောက်ပလာတဲ့ သူရဲကောင်းလေးတွေပဲ ပေါ်နှင့်ပါသေးတယ်။ အစကောင်းတော့ အနှောင်းသေချာ တာပေါ့….

ခွန်ကြယ်ဖြူ (ရှမ်း/တောင်)
ပအိုဝ်းသွီးဆိုဒ် မှ ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
20:41

စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တည်ထောင်ခြင်း

၁၉၆၅ ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ဥက္ကဋ္ဌ ဦးတင်အေး၊ အတွင်းရေးမှူး ဦးစိုးသိမ်း ဦးဆောင်သော တိုင်းရင်း သား စာပေယဉ်ကျေးမှုကော်မတီကို ရန်ကုန်တက္ကသိုက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ဤကော်မတီ၏ လက် အောက်တွင် ဆပ်ကော်မတီအသီးသီးဖြင့် ဖွဲ့စည်းခဲ့ သည်။ ၎င်းတို့မှာ-

1. ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
2. ကယားတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
3. ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
4. ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
5. ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
6. မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
7. ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
8. ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ
9. ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ တို့ကိုဖွဲ့စည်းထားသည်။

(ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးနေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှုဆပ် ကော်မတီကိုမူ ပြောဆိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရန်ကုန် တက္ကသိုလ် မြန်မာစာပါမောက္ခ နိုင်ငံ တော်ကော်စီဝင်(ရှမ်းပြည်နယ်)ဦးတင်အေးမှ ကျေးဇူး ဥပကာရပြုမှုဖြင့် သီးခြားဖွဲ့စည်းခွင့်ရခဲ့သည်။ သိုဖြစ်၍ တက္ကသိုလ်များရန်ကုန်တွင် စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။)

ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကို-

* ၁၉၆၅ တွင် ရန်ကုန်တက္ကသိုလ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ် ကော်မတီကို စတင်ဖွဲ့စည်း နိုင်ခဲ့သည်။
* ၁၉၇၁ ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့တွင် တောင်ကြီးကော်လိပ်(ယခု တောင်ကြီးတက္ကသိုလ်) ပအိုဝ်းတိုင်း ရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီကို စတင်ဖွဲ့ စည်းနိုင်ခဲ့သည်။
* ၁၉၇၁ ခုနှစ်တွင် မော်လမြိုင်ကောလိပ် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ် ကော်မတီကို စတင်ဖွဲ့ စည်းနိုင်ခဲ့သည်။
* ၁၉၇၃ ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။
* ၁၉၇၉ ခုနှစ်တွင် ပျဉ်းမနား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၂) အပိုဒ်(၂၁) အပိုဒ်ခွဲ(ခ)အရ ပအိုဝ်း တိုင်းရင်းသားတို့သည် မြို့နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကို-

1. ၁၉၇၂ ခုနှစ် သြဂုတ်လ(၆)ရက်နေ့တွင် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့ပြီး ၁၉၇၃၊ ၁၉၈၁ခု နိုဝင်ဘာလ(၂၂)ရက်၊ ၁၉၈၅ ခု ဧပြီလ(၅)ရက်၊ ၁၉၈၅ ခု ဒီဇင်ဘာလ(၈)ရက်၊ ၁၉၈၈ ခုနှစ်များအတွင်းတွင် အဆင့်ဆင့်တိုးမြှင့်ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့သည်။
2. ၁၉၇၃ ခုနှစ်တွင် ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်း ပြီး ၁၉၉၄ ခု မတ်လ(၁)ရက်နေ့တွင် တိုးမြှင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
3. ၁၉၇၄ ခု ဇန္န၀ါရီလ(၁၃)ရက်နေ့တွင် ကယားပြည်နယ် လွိုင်လင်မြို့နယ် ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
4. ၁၉၇၅ ခုနှစ်တွင် လွိုင်လင်မြို့နယ် ပင်လုံမြို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
5.၁၉၇၆ ခုနှစ်တွင် အသင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ရန် စတင်စည်းရုံးခဲ့သော်လည်း ၁၉၉၃ ခု ဒီဇင်ဘာလ(၁၅) ရက်နေ့တွင် ကလောမြို့နယ် အောင်ပန်းမြို့ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
6.၁၉၉၃ ခု ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပင်ဖြစ်ကျေးရွာ၌ ရပ်ဆောက်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
7.၁၉၉၄ ခုနှစ်တွင် ဟိုပုန်းမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင် ခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ် ရေးဗဟိုအဖွဲ့သို့ အသင်းအဖွဲ့မှတ်ပုံတင်ခွင့် ရရှိရေး အတွက် ဆောင်ရွက်ထား လျက်ရှိသည်။
8.၁၉၉၄ ခု ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ညောင်ရွှေမြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင် ခဲ့သည်။
9.၁၉၇၅ ခု ဇန္န၀ါရီလ(၁၀)ရက်နေ့တွင် ပဲခူးတိုင်း။ ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသ ပအိုဝ်းစာပေနှင့် ယဉ်ကျေး မှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
10.၁၉၉၃ ခု ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ် ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းခွင့်အမှတ်(၁၀၇၄)ဖြင့်၊ ၁၉၉၄ ခုနှစ် မေလ(၉)ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့ နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
11.၁၉၉၅ ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် စတင်စည်းရုံးလှုပ်ရှား၍ သြဂုတ်လ(၁) ရက်နေ့တွင် ရွာငံမြို့နယ် ပ အိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
12. သထုံမြို့နယ် ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ကို ၁၉----
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကို တည်ထောင်ခြင်း။
၁၉၈၄ ခုနှစ်ကတည်းကပင် အသင်းအဖွဲ့၏ ဖွဲ့စည်းခွင့်မှတ်ပုံတင်ရရှိရေးအတွက် တောင်ကြီး မြို့ ပအိုဝ်း စာ ပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တောင်ကြီးမြို့နယ်ကောင်စီထံသို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ လျှောက်ထား ခဲ့သော်လည်း အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို မရရှိခဲ့ချေ။
၁၉၉၃ ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)ကော်မတီကို နာယက (၅)ဦး၊ အလုပ်အမှုဆောင်အဖွဲ့ (၂၇)ဦးတို့ဖြင့် ပအစယ(ဗဟို)ကို မှတ်ပုံတင်နိုင်ရေး အတွက် ဖွဲ့စည်းခဲ့၍ အောက်တိုဘာလ(၂၅)ရက်စွဲဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ကို နောက် ထပ်တစ်ကြိမ် လျှောက်ထားခဲ့ပြန်သည်။ သို့သော်လည်း ၁၉၉၆ ခုနှစ် မတ်လ(၂၂) ရက်နေ့ ရောက်မှသာ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့်ပြုရေးနှင့် ကြီးကြပ် ရေးဗဟို အဖွဲ့မှ ဖွဲ့စည်းခွင့် အမှတ်(၁၇၉၅)ဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ဗဟို)ကို တရားဝင် စတင်ဖွဲ့စည်းခွင့် ရခဲ့သည်။

မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာ ပြန်လည်တင်ပြခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
20:38

မွဉ်ခြဲင်ဘုန်းကြီးကျောင်း (ပထမတောင်ကျောင်းကြီး)

တောင်ကြီးမြို့တော်သည် အင်္ဂလိပ်မ၀င်လာခင်နှင့် မြို့မတည်ခင်အချိန် ကတည်းက ဒုံတောင်းတီဆိုသော ပအိုဝ်းရွာတစ်ရွာရှိခဲ့သည်။ ထိုရွာဦး ဘုန်းကြီးကျောင်းသည် မွဉ်ခြဲုင် ကျောင်းဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၇၄၇ ခုနှစ်ဝန်းကျင်တါင် တောင်ကြီးမြို့တကျောလုံးတွင် မွဉ်ခြဲုင်ဘုန်းကြီး ကျောင်းတစ်ကျောင်းသာ ရှိခဲ့သည်။ မြန်မာ နိုင်ငံအတွင်း ဖက်ဆစ်ဂျပန် များဝင်လာသောအခါ ထိုမွဉ်ခြဲုင်ဘုန်းကြီးကျောင်းက ဗုံးကြဲခြင်းခံရပြီး ပျက်စီးသွား ခဲ့သည်။ ဂျပန်ခေတ် အတွင်း မွဉ်ခြဲုင်ဘုန်းကြီးရှစ်ပါးမြောက်ကျောင်းထိုင်ဆရာတော် ဦးနရိန္ဒသည် အောက်မြန် မာပြည် သထုံ ဘက်ဇာတိဖြစ်သည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဗုံးကြဲခြင်းခံရသည့် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းကို အသစ်ပြန်လည် တည်ဆောက်ရေးအတွက် နောင်ကာဆရာတော် ဦးပဏ္ဍိတ၊ ထမ်းဆရာ တော် ဦးဉာဏနှင့် ၀င်းယဦးပဉ္စင်း ဦးကုမ္မာ တို့အချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီး ဘုန်းကြီး ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် အခြား ဆရာတော်များနှင့် ဒကာများကို စည်းရုံးနိုးဆော်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် မွဉ်ခြဲုင်ကျောင်း၌ ဆရာ တော်အပါး(၁၀၀) အစည်းအဝေးကျင်းပခဲ့ပြီး ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး အတွက် (၁၆)နယ်မှ ဆရာတော်ကြီးများကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။

၁၉၄၇ ခုနှစ် ဇန္န၀ါရီလ (၆)ရက်နေ့တွင် သံဃာတော်အပါး(၂၀၀)နှင့် ဒါကာအဖွဲ့များသည် တည်ဆောက်မည့် ကျောင်းပုံစုံကို စည်းဝေးထိုင်ခဲ့ကြသည်။ အများဆန္ဒဖြင့် တောင်နှင့် မြောက်အလျား ပေ(၁၂၀)၊ အရှေ့နှင့် အနောက်အနံ ပေ (၂၀၀)၊ အနက် (၉)ပေဖြင့် ကျောင်းပုံစံအကြမ်းရေးဆွဲကြသည်။

၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော်များနှင့် ဒါကာညီညာပေါင်းစု ညီညွတ်မှုအင်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့၌ ကျောင်းကြီးကို စတင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုကျောင်းကြီး တည်ဆောက်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရသဖြင့် တော်တော်နှင့် မပြီးစီးနိုင်သဖြင့် “တိုင်တူပြီးတောင် ကျောင်းကြီး” သော် လည်းကောင်း၊ “ဆောက်လုပ်မပြီးတောင်ကျောင်းကြီး” သော်လည်းကောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ “ကြိုးစားရင် ဘုရားဖြစ်နိုင်သည်” ဟူသောစကားအတိုင်း တစတစကြိုးစားခဲ့ရာ (၅)နှစ်ကြာမှ အောင် မြင်ပြီးစီးခဲ့လေသည်။

ထိုကျောင်းကြီးအောင်မြင်ရေးအတွက် ပအိုဝ်းအိမ်တိုင်းကို (၂)ကျပ်နှုန်းအထက်ဖြင့် ကောက်ခံခဲ့သည်။ ကျောင်း ကြီးတည်ဆောက်ပြီးစီးသောအခါ ၀ါးနှင့်သစ်ဖိုးအပါအ၀င် (၅)သိန်းကျော်ကုန်ကြခဲ့ဟု သိရသည်။

မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာ ပြန်လည်ကူးယူဖေါ်ခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
20:20

ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ

အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် အမျိုးသားစိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် အမျိုးသားစာပေ ယဉ် ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရေး စသည်ဖြင့် ပြုလုပ်ရာတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ပအိုဝ်း လူမျိုးတို့ သည် မိမိတို့ထူးခြားသည့် သမိုင်းအစဉ် အလာကို အကြောင်းပြုပြီး ဒဲဉ်သီးလာဗွေ ခေါ် တပေါင်းလ ပြည့်နေ့ကို ပအိုဝ်းအမျိုးသား နေ့ အဖြစ်သတ်မှတ်ကြသည်။
ဂေါတမမြတ်စွာဘုရား သက်ရှိထင်ရှားချိန်တွင် သုဝဏ္ဏဘုမိ သထုံပြည်ကို အုပ်ချုပ်ခဲ့သော သူရိယစန္ဒာမင်းသည် ပအိုဝ်းလူမျိုးတို့အတွက် တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့သည်။ ထိုမင်းသည် သထုံမြို့ရှိ ရွှေစာရံ စေတီတော်၏ မူလဒါယာကာလည်းဖြစ်သည်။ ဤကျေးဇူးတရားကို အောက်မေ့တမ်းတ သတိရခြင်းအား ဖြင့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်း လပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သူရိယစန္ဒာမင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က မဟာသက္ကရာဇ်(၃)ခုနှစ် တပေါင်းလပြည့် စနေ နေ့တွင် နေထွက်လ၀င်၊ နေရောင် လရောင် ရောယှက်သော အချိန်တွင် ဖွားမြင်သဖြင့် သူရိယစန္ဒာ ဟု ခေါ်တွင် ခဲ့သည်။

အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ လုပ် ငန်းခွင် ရုပ်သိမ်းပြီးစီးသည့် တပေါင်းလတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် မိအိုဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးတင်ပွဲများ ကျင်းပကြသည်။ ကောက်ဦးကျွေးမွေးပွဲတွင် ဆွေမျိုးများကို တစ်နှစ် တစ်ကြိမ်တွေ့ဆုံခွင့်ရ ခဲ့ကြသည်။ ထိုကြောင့် တပေါင်းလပြည့်နေ့ ရောက်တိုင်း ရွှေစာရံစေတီ ဘုရားကုန်းမြေ၌ ဘုရားကို ကောက်ဦးပူဇော်ပွဲ ဆွေမျိုးဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ အဖြစ်သို့ ပေါ်ပေါက်လာခဲ့ရသည်။

ဖဆပလ ဦးကျော်ငြိမ်းသည် သထုံနယ်၌ လယ်ယာစီမံကိန်းများ ချမှတ်ခဲ့သည်။ ပအိုဝ်း ရွာသားတို့သည် မိမိတို့ ဘိုးဘွား လက်ထက်ကတည်းက ပိုင်ဆိုင်လာသော လယ်မြေများကို ဖဆပလ အစိုးရက အဓမ္မ သိမ်းဆည်း ခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ပအိုဝ်းတောင်သူ အမျိုးသားအဖွဲ့ချုပ် ဦးဆောင်သော လူအင် အား တစ်သောင်း ကျော် သထုံမြို့ပေါ်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အဆိုသုံး ရပ်ကို တင်သွင်းခဲ့ရာ “ပအိုဝ်းလူမျိုးကို တောင်သူဟု ခေါ်ဝေါ်သုံးစွဲရေးသားခြင်း မပြုရေး” အချက်ကိုသာ လိုက် လျောခဲ့ သည်။

ထိုအချိန်မှ စ၍ ပအိုဝ်းအမျိုးသားနေ့ကို ရွှေစာရံ စေတီတွင် သာမက ပအိုဝ်းအမျိုးသားများ စုဝေးနေ ထိုင်ရာ အရပ်တိုင်းတွင် စည်ကားစွာ ကျင်းပလာကြသည်။ ယင်းသို့ ကျင်းပရာတွင် ရာစုနှစ်များစွာ ကတည်းက ကျင်းပ လာခဲ့သော မိဘဘိုးဘွားတို့၏ အစဉ်အလာကို တန်ဖိုးထားလေးစားခြင်းအားဖြင့် ကျင်းပသည့် အကြိမ် အရေ အတွက်ကို တည့်သွင်းကျင်းပခြင်းမပြုပဲ ကျင်းပလာကြပါသည်။

ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ အသက်(၈၀) ကျော် ဘိုးအိုဘွားအို များကို ကန်တော့ခြင်း၊ ပရိယတ္တိစာပေတွင် ထူးချွန်စွာ အောင်မြင် သော ပအိုဝ်းသံဃာတော်များကို ဆုများ ချီး မြှင့်ခြင်း စသည့် လူမှုရေးလုပ်ငန်းများဖြင့် ပြုလုပ် လာကြသည်ကို တွေ့ရသည်။ ထိုအပြင် ပအိုဝ်းဒေသတွင်းရှိ အခြားသောတိုင်းရင်းသား လူငယ်များအား တစ်ဦးကိုတစ်ဦး ပိုမိုရင်းနှီးမှုရှိလာအောင် ယဉ်ကျေးမှုအဆိုအက အတီး အမှုတ်များဖလှယ်ခြင်းနှင့် အားကားစားပြိုင်ပွဲများ ကျင်းပပေးခြင်း စသည်ဖြင့် ပြုလုပ်သည်ကို တွေ့ရ သည်။

ကျမ်းကိုး
“ပအိုဝ်း” မောင်ခွန်နွယ်၊ အင်းလေး၊ ၁၉၉၁
ပြည်ထောင်စုထဲ့က ပအိုဝ်း၊ ပီအဲန်အိုထုတ်ဝေ၊ ၂၀၀၇
=============================================

၂၀၀၉ ခုနှစ်၊ မတ်လ (၁၀) ရက်တွင် တပေါင်းလပြည့်နေ့ဖြစ်သည့် ပအိုဝ်းအမျိုးသားနေ့ ကျရောက်တော့ မည် ဖြစ်သဖြင့်၊ ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာရသည့်အကြောင်းများကို မိမိတို့ပအိုဝ်းလူမျိုး များနှင့် အခြားသော တိုင်းရင်သားလူမျိုးများ ပိုမိုသိရှိနားလည်လာစေရန် ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံကို ပြန်လည်တင်ပြလိုက်ခြင်းဖြစ်ပါသည်။ ဤစောင်းပါးကို ခွိုပအိုဝ်း စာမျက်နှာပေါ်မှ ကူးယူ၍ ပြန်လည်ဖေါ်ပြ ထားခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
20:06

ပအိုဝ်းအမျိုးသား နယ်ချဲ့တော်လှန်ရေး

မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်အတွင်း၌ အနောက်ဥရောပတစ်ခွင်က ပဒေသရာဇ် စနစ်ခေတ်မှ အရင်းရှင် စနစ်ခေတ်သို့ ပြောင်းလဲသော ကာလဖြစ်သည်။ ဥရောပအရင်းရှင် များသည် မိမိတို့စက်ရုံ ပုံမုန်လည်ပတ်နိုင် ရန်အတွက် လိုအပ်သော ကုန်ကြမ်းများနှင့် ကုန် ချောဈေးကွက်များကို အပြိုင်အဆိုင် ရှာဖွေကြသည်။
ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက်တွင် စစ်တကောင်းရခိုင်နယ်ခြားပြဿနာနှင့် မဏိပူရ အာသံပြည် နယ် ပြဿနာများကြောင့် ၁၈၂၄ ခုနှစ် မတ်လ (၅)ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်က မြန်မာ ပြည်ကို စေ့စပ်ချက်ကြောင့် အင်္ဂလိပ်နှင့် မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ရန္တပိုစာချုပ်ကို သဘောတူချုပ်ဆိုခဲ့ရသည်။ ထိုစစ် ပြေငြိမ်းရေးစာချုပ်အရ ရခိုင်နှင့် တနင်္သာ ရီတိုင်းကို အင်္ဂလိပ်တို့အား အပ်နှင်းရသည့်အပြင် စစ်လျော်ကြေးတစ်ကုဋေလည်း ပေးရန် သဘောတူခဲ့ရသည်။

မြန်မာနိုင်ငံ ပုဂံမင်းလက်ထက်တွင် ရန်ကုန်မြို့ဝန်ဦးအုပ်နှင့် နယ်ချဲ့သင်္ဘောသား အလုပ် သမားများ သေဆုံးမှု ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာစစ်ကြေငြာခြင်းမပြုလုပ်ဘဲ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို စတင်ဖြစ်ပေါ် စေခဲ့သည်။ ထိုစစ်ပွဲသည် ရှစ်လကြာသော အခါ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မည်သည့်စာချုပ်မှ မပြုလုပ်ရဘဲ အောက် မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယဘုရင်ခံချုပ်ကိုယ်စား ကပ္ပတိန်ဖယ်ယာက ကြေညာလိုက်လေသည်။

ဘုံဘေဘားမားကုမ္မဏီနှင့် မြန်မာ့ဘုရင်တို့အကြား သစ်ထုတ်လုပ်မှုပြဿနာ ပေါ်ပေါက် လာ၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ကို စတင်ဖြစ်စေခဲ့သည်။

အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းတွင် ဘီးလင်းနှင့် သထုံနယ်ကို ဦးဆောင်လှုပ်ရှားသော နယ်ချဲ့ တော်လှန်ရေး ပအိုဝ်းခေါင်းဆောင်ဗိုလ်ခန်းသည် နယ်ချဲ့များအား သေနတ်၊ စိန်ပြောင်း အစရှိသည့် လက်နက်ကောင်း များဖြင့် ခုခံတော်လှန်ခဲ့ကြသည်။ ဗိုလ်ခန်းသည် နယ်ချဲ့ တပ်များအား နောက်ဆုံးအချိန်အထိ အရှုံးမပေး ဒူးမထောက်ဘဲ တိုက်ပွဲအတွင်း စိန် ပြောင်းထိမှန်ခြင်းခံရပြီး (ယခု ဗိုလ်ခန်းကွင်းနေရာတွင်) ကျဆုံးခဲ့ရသည်။ ဗိုလ်ခန်းသည် သူ့ကျွန်မခံသော စွဲသတ္တိကြောင့် အင်္ဂလိပ်တို့က ဗိုလ်ခန်းကို ဂုဏ်ပြုသောအနေဖြင့် ဘီးလင်းနယ်ရှိ ကွင်းကို “ဗိုလ်ခန်းကွင်း”ဟု သမုတ်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ပထမနှင့် ဒုတိယစစ်ပွဲများတွင် မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးပျက်စီးဆုံးရှုံး ရသည်ကို မကျေမ နှပ်စိတ်ဖြင့် မျိုသိပ်ခဲ့ရသည့် မရမ်းချောင်း ပအိုဝ်းဘုန်းတော်ကြီးသည် ဗိုလ်ခန်းကျဆုံးသောအခါ တော်လှန်ရေး လုပ်ရန် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက် သည်။ ၁၈၈၅ ခုနှစ် ဒီဇင်ဘာလတွင် မရမ်းချောင်းဘုန်း တော်ကြီး ဦးဆောင်သော တပ်ဖွဲ့ သည် ကျောက္ကလပ်ပအိုဝ်းဘုန်းတော်ကြီး ဦးဆောင်သောတပ်နှင့် ပူးပေါင်းမိပြီး “မျက်နှာဖြူ များကို ပင်လယ်အတွင်းသို့ မောင်းထုတ်ပစ်မည်” ဟူသော ကြွေးကြော်သံဖြင့် တောင်ငူ၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင် တစ်ဝိုက်တွင် ဗြိတိသျတို့ကို ပြင်းထန်စွာ ဆန့်ကျင်တော် လှန်ခဲ့သည်။

၁၈၈၅ ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာ့ဘုရင်သီပေါမင်းနှင့် မိဖုရားတို့အား နန်းတွင်းမှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။ ၁၈၈၆ ခုနှစ် ဇန်နာဝါရီလ(၁)ရက်နေ့တွင် မြန်မာပြည်တစ်ပြည်လုံးအား သိမ်းပိုက် လိုက်ပြီဟု အင်္ဂလိပ်တို့ကြေညာခဲ့သည်။ မြန်မာ ပြည်အောက်ပိုင်း တစ်ခုလုံးနီးပါးမျှ တော်လှန်ရေးဆင်နွဲနေသော မရမ်းချောင်း ဘုန်းတော် ကြီးကို ဗြိတိသျနယ်ချဲ့တို့ကအရှင်ရရ အသေရရ ဖမ်းဆီးရယူလိုခဲ့သည်။ ထိုကြောင့် ဖာပွန်တွင်ရှိစဉ် ဗြိတိသျတို့သည် နယ်ချဲ့ဆန့်ကျင်ရေးကို ဆင်နွဲနေသော မရမ်းချောင်း ဘုန်းတော်ကြီးကို ဆုငွေ ၅၀၀၀ (ငါးထောင်)ဖြင့် ထုတ်ကာ ဖမ်းဆီးစေခဲ့သည်။ နောက်ပိုင်း တွင် မရမ်းချောင်းတပ်သည် တောင်ငူအရှေ့ ဘက်ရှိ တောင်ကြားတစ်ခုတွင် တပ်စွဲထားစဉ် ဗြိတိသျတပ် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် တပ် ဆုတ်ပြေးရင်း မရမ်းချောင်း ဘုန်းတော်ကြီးသည် ရန်သူလက်ထက်သို့ ကျရောက်ခဲ့သည်။ ၁၈၈၆ ခု မတ်လတွင် ကျိုက်ထိုရဲဌာနရှေ့လူမြင်ကွင်း၌ ဘုန်းတော်ကြီးသည် အင်္ဂလိပ်တို့၏ ကြိုးပေးစီရင်ခြင်းကို ခံခဲ့ရသည်။

ရှမ်းပြည်နယ် ပအိုဝ်းအမျိုးသားခေါင်းဆောင် သထုံဆီဆိုင်နယ်ရှင်စော်ဘွား ခွန်အိုးသည် ရပ်ဆောက် စော်ဘွား ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ ကန္တာရ၀တီစော်ဘွား၊ ဖယ်ခုံ စော်ဘွား၊ မိုးနဲစော်ဘွားတို့နှင့် အတူ လင်းပင်မင်းသားဦးဆောင်မှုဖြင့် နယ်ချဲ့များကို ခုခံ တွန်းလှန်ခဲ့သည်။ ခွန်အိုးသည် ၎င်းကွယ်လွန် သည်အထိ နယ်ချဲ့ကို အခဲမကြေသူဖြစ်သည်။ နောက် တက်လာသည့် သထုံဆီဆိုင်နယ်ရှင်ခွန်အိုး၏သား ခွန်စိန်ကြီး လက် ထက်တွင် အင်္ဂလိပ်တို့၏ ရှမ်းပြည်အုပ်ချုပ်ရေးသတ်မှတ်ရာတွင် ခွန်စိန်ကြီးကို သထုံဆီဆိုင် နယ်အား မြို့စားအ ဖြစ် အုပ်ချုပ်စေခဲ့သည်။ ခွန်စိန်ကြီးသည် စိတ်ဓါတ်ပြင်းထန်မှု မျိုးရိုးဇာတိမာန် တက်ကြွမှု ကြောင့် အင်္ဂလိပ်တို့မ ကြာခဏ ငြိုငြင်ခြင်းခံခဲ့ရသည်။ ထိုကြောင့် ၁၉၃၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ခွန်စိန်ကြီးအား နယ်နှင်ဒဏ်ပေး၍ အောက်မြန်မာပြည် သထုံခရိုင်၊ သထုံမြို့တွင် နေစေခဲ့သည်။ ခွန်စိန်ကြီးသားဖြစ်သော ခွန်ကြည်ကို သထုံမြို့စား အဖြစ် အင်္ဂလိပ်တို့က ဆက်လက်ခန့်ထားခဲ့သည်။

ကျမ်းကိုး

မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲ၊ ဦးလေးမောင်၊ ပထမနှိပ်ခြင်း ၁၉၇၃ ပအမဖ စတုတ္ထအကြိမ် အမျိုးသား ညီလာခံသို့ တင်သွင်းမည့် ဗဟိုအလုပ်အမှု ဆောင်အစီရင်ခံစာ (မူကြမ်း) စွိုးခွှိုတသာ အမှတ် (၄) သမိုင်းစာ အုပ်မှ “နယ်ချဲ့ကို ပထမဆုံးတော်လှန်ခဲ့သော ဘုန်းတော်ကြီး”

မှတ်ချက်။ ။ ခွိုပအိုဝ်း စာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
20:03

ဖက်ဆစ်တော်လှန်ရေး

ဖက်ဆစ်ဝါဒသည် နိုင်ငံရေး၏ အယူအဆတစ်ရပ်ဖြစ်သည်။ ၎င်းဝါဒသည် ၁၉၁၉ ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် မီလန်မြို့၌ အီတလီအာဏာရှင် မူဆိုလီနီတည်ထောင်သော ဖက်ဆစ်အစည်းအရုံးမှ စတင်ပေါ်ပေါက်လာသည်။ ဖက်ဆစ်ဝါဒကြီးစိုးသည့် နိုင်ငံများတွင် လူထုအကျိုးထက် နိုင်ငံအကျိုးကို ပိုဦးစားပေးရသည်။ နိုင်ငံက ပေးသော အခွင့်အရေး ကိုသာ ခံစားရ၍ လူ၏အသက်နှင့် စည်းစိမ်ကို နိုင်ငံတော်က ပိုင်သည်။ နိုင်ငံတော်လုပ်ငန်းကို ဝေဖန်သူအတိုက်အခံမှန်သမျှကို အပြစ်ပေးခံရသည်။ သတင်းနှင့် စာနယ်ဇင်းများကို အာဏာပိုင်တို့က ချုပ်ကိုင် ထားပြီး ၎င်းတို့၏ သိစေချင်သည့် အချက်ကိုသာ ပြည်သူတို့ သိခွင့်ရသည်။ ဖက်ဆစ်ဝါဒကို ဂျာမနီအာဏာရှင် ဟစ်တလာက ကျင့်သုံးခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဂျာမနီနှင့် အီတလီတို့၏ မဟာမိတ်ဖက်ဆစ်အဖွဲ့ဝင် ဂျပန် သည် ဒုတိယကမ္ဘာ စစ်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။
ဂျပန်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကူညီမည်ဟု ကတိပေးသောကြောင့် ဂျပန်သို့ ရဲဘော်သုံးကျိပ် စေ လွတ်ပြီး သုံးလကြာ စစ်ပညာသင်ယူစေခဲ့သည်။ ထိုမှတဆင့် ထိုင်း နိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ဖွဲ့စည်းပြီး ဗိုလ် ချုပ်အောင်ဆန်း ဦးဆောင်ကာ ဂျပန်တပ်များနှင့် ပူးတွဲ၍ မြန်မာတစ်ပြည်လုံးကို ၁၉၄၂ ခုနှစ် မေလတွင် အင်္ဂလိပ်တို့ထံမှ ပြန်သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ် လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးအတုအယောင်သာ ပေးခဲ့သည်။ ထိုအချိန် တွင် မြန်မာ့အုပ် ချုပ်ရေးအစိုးရ(၁၆)ဦးအဖွဲ့အနက် သထုံဦးလှဖေကလည်း သစ်တောနှင့် သတ္တုတွင်းဝန်ကြီးအဖြစ် ဆောင်ရွက် ခဲ့သည်။

ဂျပန်လက်အောက်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် နယ်ချဲ့အင်္ဂလိပ်လက်အောက်၏ အခြေအနေထက် ပိုမိုဆိုးဝါးသဖြင့် ဖက်ဆစ်ဂျပန်များအား တော်လှန်ရန် မြန်မာပြည်သူ များက ဆန္ဒစိုင်းပြင်းလာကြသည်။ ထို ကြောင့် ၁၉၄၅ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ဗိုလ် ချုပ်အောင်ဆန်းဦးဆောင်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ) သည် မြန်မာတစ်ပြည်လုံးရှိ ဖက်ဆစ်ဂျပန်များကို စစ်ကြေငြာ၍ စတင်တော် လှန်ခဲ့သည်။

မြန်မာပြည်သူတို့သည် နယ်ချဲ့အင်္ဂလိပ်ထက် ပိုဆိုးဝါးသော ဖက်ဆစ်တို့၏ ညဉ်းပမ်း နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ပအိုဝ်းစော်ဘွားစ၀်ခွန်ကြည်သည် မိမိ၏ နယ်သူနယ်သား များကို ဖက်ဆစ်ဂျပန်တို့ မနှိပ်စက်နိုင်အောင် သပါယ်တံမျဉ်ဖြင့် ဖက်ဆစ်တို့ကို ဆက်ဆံ ခဲ့သည်။ ဖက်ဆစ်ဂျပန်တို့ နှိပ်စက်ညှင်းပမ်းမှုကို ကင်းလွတ်စေရန်နှင့် ကျေးရွာအတွင်းသို့ ဂျပန်တပ်များ ရိက္ခာဝင်ရောက် မလုယှက်စေရန် တောင်ကြီး-လွိုင်ကော်လမ်းမဘေး တ လျောက်တွင် ဂျပန်တပ်များအတွက် ရိက္ခာစုပုံထား ပေးခဲ့သည်။ တဖက်တွင် ရပ်ရွာမှ ထွက်ခွာလာကြသည့် ဖက်ဆစ်ဂျပန်များအား လမ်းတလျောက်တွင် စုရုံးထားသော ပအိုဝ်းတပ်များက ဂျပန်ကို တိုက်ခိုက် နှိပ်နှင်းခဲ့ သည်။ စ၀်ခွန်ကြည်သည် မိုးနဲမဟာမိတ် ထံမှ လက်နက်ရယူပြီး ဆုတ်ခွာလာသည့် ဂျပန်တပ်များကို တိုက်ခိုက် စေခဲ့သည်။ ဂျပန်ခေတ် မဟာမိတ်တပ်မှ ဗိုလ်မှူးကြီးထူးလော့နှင့် အမြဲတမ်းမဟုတ်သည့် ပအိုဝ်း တပ်တို့ ဆက် သွယ်မိပြီး ဆီဆိုင်၊ ဘန်းယဉ်၊ လွယ်ပွတ်ဒေသတို့ကို ပြန်သိမ်းပိုက်နိုင် ခဲ့သည်။

ဟိုပုံးမြို့နယ် ကျောက်တန်အရှေ့ဘက် ဟွေးရေးရွာအနီးတွင် မဟာမိတ်လေယဉ်မှ ပအိုဝ်း ပျောက်ကြားတပ်များ အတွက် လက်နက်ချပေးခဲ့သည်။ ထိုလက်နက်များဖြင့် ပအိုဝ်း ပျောက်ကြား တပ်များသည် မဲနယ်တောင် စငေါဝ် ဘက်သို့ တက်လာသည့် ဂျပန်စစ် တပ်များကို ခြုံခိုတိုက်ခိုက်ရာ ဂျပန်တစ်တပ်လုံးကျခဲ့ရသည်။

ဆီဆိုင်မြို့နယ်တွင် ဖြားတန်နမ်းသြ ခေါင်းဆောင်သော ပအိုဝ်းတော်လှန်ရေးတပ်သည် ဂျပန်များကို ကယား ပြည်နယ် လွိုင်ကော်၊ ဖါဆောင်းအထိ တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့ သည်။ မဟာမိတ်အင်္ဂလိပ်တပ် များပြန်ဝင်လာ သောအခါ ဖြားတန်နမ်းသြတို့လူစုသည် ကယားပြည်နယ် လွိုင်ကော်အား အောင်မြင်စွာသိမ်းပိုက် ထားပြီးဖြစ် သည်။ စစ်အပြီးတွင် ဂျပန်ကို တော်လှန်သော ပအိုဝ်းလက်နက်ကိုင်များသည် လွိုင်ကော်မြို့၌ ကျင်းပသော ဒါဘာပွဲတွင် ဂုဏ်ပြုလက်မှတ်များနှင့် နှစ်လုံးပြူးသေနတ်များဖြင့် ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။

ဖက်ဆစ်ဂျပန်တို့အား ထိရောက်စွာ တော်လှန်သော ပအိုဝ်းပျောက်ကြားတပ်များကြောင့် ဂျပန်များက ဦးလှ ဖေအား ဖမ်းဆီးနှိပ်စက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ဂျပန်များ ရန်ကုန်မှ ထွက်ခွာခဲ့ကြစဉ် ဂျပန်အလိုတော်ရိ အနေဖြင့် သခင်မြ၊ သခင်နု၊ ဒေါက်တာ ဗမော်၊ သခင်လွန်းမောင်၊ သထုံဦးလှဖေ တို့လိုက်ပါသွားကြသည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့တွင် ဂျပန်အစိုးရလကက်နက်ချခဲ့ရသည်။

ကျမ်းကိုး

မြန်မာ့သမိုင်း ပထမတွဲ၊ ဦးမောင်လေး၊ ပထမနှိပ်ခြင်း ၁၉၇၃
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) စတုတ္ထအကြိမ်မြောက်သို့ တင်သွင်းမည့် ဗဟိုအလုပ်အမှု ဆောင်အစီရင်ခံစာ မူကြမ်း။
ပအိုဝ်းလူငယ်စာစောင် အတွဲ(၂)၊ နိုဝင်ဘာလ၊ ၂၀၀၁

မှတ်ချက်။ ။ ခွိုပအိုဝ်းစာမျက်နှာမှ ပြန်လည်ကူးယူ ဖေါ်ပြထားခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...
19:58

ပဒေသရာဇ်စနစ် တော်လှန်ရေး။

ပထမကမ္ဘာစစ်အပြီးတွင် ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းလာမှုကြောင့် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှု အောက်ရောက် မြန်မာပြည်ကိုလည်း အထွေထွေအကျပ်အတည်းများ ရိုက်ခတ်လာသည်။ စီးပွားရေးကျပ်တည်း မှုကြောင့် နယ်ရှင်စော်ဘွားများလည်း ခါတိုင်း ထက် အခွန်ကို (၅ဝ)ရာခိုင်နှုန်း တိုးမြင့်ကောက်ခံသဖြင့် သေမထူး နေမထူးဆင်းရဲသား ပြည်သူများသည် ပဒေသရာဇ်စနစ်ကို တော်လှန်လိုသော စိတ်ဓါတ်ပြင်းပြလာကြသည်။
ပဒေသရာဇ်မင်းများသည် အခွန်မဆောင်နိုင်သော ရွာများမှ ရွာသူရွာသားများအား ဖမ်းဆီး နှိပ်စက်ခြင်း၊ အိမ်ရှိ ပစ္စည်းအသုံးအဆောင်များကို သိမ်းယူသည့်အပြင် နောက်ဆုံးတွင် ရွာများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုလုပ်ရပ်များကို မခံမရပ်နိုင်သည့် ဖြားတန်ကောင်ခဲက ဖိနှိပ်ညှင်းပမ်းမှုများကို တွန်းလှန် ကြရန် ၁၉၂၉ ခုနှစ်တွင် စတင် နိုးဆော်စည်းရုံးခဲ့သည်။ ပင်လုံနယ် ဟွေးဟွမ်းပအိုဝ်းရွာကို မီးရှို့ရာမှ လူထုများက မခံမရပ်နိုင် ဖြစ်လာပြီး ရရာလက်နက်များကို စွဲကိုင်၍ ပဒေသရာဇ် စနစ်ကို ပြန်လှန်ခုခံခဲ့ကြသည်။ ပဒေသရာဇ် စနစ် တော်လှန်မှုအရှိန်အဟုန်သည် ပင်လုံနယ်၊ လဲချားနယ်သာမက အခြားနယ်များပါ ကူးစက်ပျံ့နှံ့လာသည်။ လဲချား စော်ဘွားက ဖြားတန် ကောင်ခဲ၏ ဦးခေါင်းကို ရပါက ဆုငွေ ၅ဝဝ ကျပ်ပေးမည်ဟု ကြေငြာခဲ့သည်။ ဖြားတန် ကောင်ခဲဦးဆောင်သော တော်လှန်ရေးအင်အား ၃၂ ဦးသည် ဓါးလွယ်ကိုစီဖြင့် မြင်းစီးပြီး ပင်လုံဈေးအတွင်း ပဒေသရာဇ်အခွန်ကောက်ခံပေးသူ ဟိန်ထွန်းအား လိုက်လံခုတ်ဖြတ် ခဲ့သည်။ ဖြားတန်ကောင်ခဲက လွိုင်လင်ဝန် ထောက်၏ လာတောင်းပန်မှုကို လက်မခံဘဲ ပယ်ချခဲ့သည်။

ထိုကြောင့် စော်ဘွားများသည် ၎င်းတို့၏ ပဒေသရာဇ်ကောင်စီတွင် ညှိနှိုင်းကြပြီး ပအိုဝ်းတိုင်းရင်းသားများက နိုင်ငံတော်ကို ပုန်ကန်သည်ဟု စွပ်စွဲခဲ့သည်။ ထိုစွပ်စွဲချက်ကြောင့် အခြေအနေပို၍ တင်းမာလာပြီး နောက်ဆုံး တွင် စော်ဘွားများက အင်္ဂလိပ်အစိုးရထံ လက်နက်နှင့် စစ်ကူများတောင်းခံခဲ့ရသည်။ အဆိုပါ ပဒေသရာဇ်စနစ် တော်လှန်ရေးသည် လဲချားစော်ဘွားက မိမိ၏လက်အောက်စော်ဘွား ပုလိပ်များသာမက အင်္ဂလိပ်မျက်နှာ ဖြူတို့ အုပ်ချုပ်သော ကုလားတပ်များကိုပါ အကူအညီခေါ်ယူပြီး ပအိုဝ်း ကျေးရွာများအား မြေလှန်ပစ်စနစ်ဖြင့် ရက်ရက် စက်စက်နှိပ်နှင်းခဲ့ကြသည်။ ပထမအကြိမ် ပဒေသရာဇ်တော်လှန်ရေးသည် လက်နက်အင်အား၊ လူအင်အား မမျှတခြင်းကြောင့် နောက်ဆုံးတွင် ဖြားတန်ကောင်ခဲ ဦးဆောင်သော ပထမပဒေသရာဇ်တော်လှန်ရေးသည် အရေးနှိမ့်ခဲ့ရသည်။

ထိုနောက် ၁၉၄၉ ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့တွင် နော်ဆိုင်းဦးဆောင်သော ကချင်တပ်၊ ကာနယ်အက်စသိမ်း ဦးဆောင်သော ကရင်တပ်နှင့် ဗိုလ်ကြီးပန်းမောင် ဦးဆောင်သော ပအိုဝ်းတပ်တို့ပူးပေါင်းကြပြီး ရှမ်းပြည်နယ်မြို့ တော်တောင်ကြီးကို သိမ်းပိုက်လိုက်သည်။ တောင်ကြီးမြို့ကို သုံးလကြာသိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ(၂၃) ရက်နေ့တွင် ပြည် ထောင်စုအစိုးရတပ်က ပြန်လည်သိမ်းယူသောအခါ ပအိုဝ်းတပ်များသည် တောင်ကြီးမြို့ တောင်ဘက်သို့ ဆုတ်ခွာခဲ့သည်။ ထို့နောက် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် “ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပအလဖ)”ကို ဖွဲ့စည်း၍ ဒုတိယအကြိမ် ပဒေသ ရာဇ်တော်လှန်ရေးကို ဆင်နွဲရန် စော်ဘွား များကို စတင်စစ်ကြေငြာခဲ့သည်။

ပြည်ထောင် စုအစိုးရ၏ ပြည်တွင်းဆူပူမှုငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ၁၉၅ဝ ခုနှစ် ဇူလှိုင်လတွင် ဗိုလ်ဟိန် မောင်နှင့် ဗိုလ်ချန်ဇုံ ဦးဆောင်သော ပအလဖအဖွဲ့သည် ပထမအကြိမ် ပြည် ထောင်စုတပ်၏ ငြိမ်းချမ်းရေးကမ်း လှမ်းချက်ကို သဘောတူခဲ့သည်။ သို့သော်လည်း စော်ဘွားများသည် လွတ်လပ်ရေးအချုပ်အချာအာဏာကို အလွဲသုံးစားပြုကာ အခွန်များကို မတရားကောက်ခံလာကြပြန်သည်။ အခွန်မဆောင်နိုင်လျှင် ပြည်ထောင်စုရန် သူဟူ၍ ပြည်ထောင်စုအစိုးရနှင့် လှည့်တိုက်ပေးသည်။ အခွန်မဆောင်နိုင်သူများကို ပြည်ထောင်စု ကို ဖြိုခွဲသူ အဖြစ် ပြည်ထောင်စုအစိုးရထံ တိုင်တန်းကြသည်။ ၁၉၅၁ ခုနှစ် ဇန္နဝါရီလ (၂၁)ရက်နေ့တွင် စော်ဘွားများစိုး ရိမ်မှုဖြင့် ဗိုလ်ချန်ဇုံကို ရုတ်တရက်ဖမ်းဆီးပြီး မန္တလေး ထောင်သို့ပို့လိုက်သည်။ ထောင်မှလေးလကြာသောအခါ ပြန်လွတ်လာသော ဗိုလ်ချန်ဇုံ သည် အလင်းဝင် ပအလဖရဲဘော်များနှင့်အတူ အစိုးရအပေါ်မယုံသင်္ကာသဖြင့် တောပြန်ခို ခဲ့သည်။

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီသည် ကိုမင်တန်အစိုးရကို နှစ်ရှည်ကြာတော်လှန်ခဲ့ရာမှ ၁၉၄၉ ခုနှစ် အောက် တိုဘာလတွင် တပြည်လုံးကို အောင်ပွဲခံခဲ့သည်။ ထိုကြောင့် စစ်ရှုံး ကိုမင်တန်တပ်များသည် နယ်နိမိတ်ကို ဖြတ် ကျော်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဝင်ရောက်လာပြီး တဖြည်းဖြည်းဖြင့် သံလွင်မြစ်အရှေ့ပိုင်းသာမက ရှမ်း-ကယားနယ်စပ် ကန္တူကြီးဒေသအထိ ကျူးကျော်ဝင်ရောက်လာသည်။

တနေ့တခြားကြီးထွားလာသော တရုတ်ဖြူတပ်မျာကို တားဆီးနိုင်ရန် ရှမ်းပြည်နယ် (၂၂)နယ်ကို ၁၉၅၂ ခုနှစ် အောက်တို ဘာလတွင် နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေးကြေငြာခဲ့သည်။ ပဒေသရာဇ်ကို ဆန့်ကျင် တော်လှန်နေသည့် ပအလဖ တပ်များလည်း ပဒေသရာဇ်စနစ်ထက် ပို၍အရေး ကြီးသော ပြည်ပကျူးကျော်သူ တရုတ်ဖြူများကို အဓိကထားတိုက်ထုတ်ခဲ့ရသည်။ ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုရင့်နောင်စစ်ဆင်ရေးနှင့် ရန်ကြီးအောင်စစ်ဆင်ရေးဖြင့် ဗိုလ်မှူး ချုပ်ကျော်ဇော ဦးဆောင်သော ပြည်ထောင်စုတပ်က တရုတ်ဖြူများကို ထိုင်း-မြန်မာ နယ်စပ်အထိ တိုက်ထုတ်နိုင်ခဲ့သည်။ ထိုနှစ် ဇူလှိုင်လ(၃၁)ရက်နေ့တွင် ရှမ်းပြည်နယ် စစ်အုပ်ချုပ် ရေးကို ပြန်ရုပ်သိမ်းခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ပအမဖ အမှုဆောင် ဦးဖြူနှင့် ဦးကျော်စိန် တို့ပြန်လည်လွတ်မြောက် လာပြီး တောတွင်းပအိုဝ်း လက်နက်ကိုင် ပအလဖနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ သည်။ ထိုနှစ် မေလ(၅)ရက်နေ့တွင် ပအလဖအဖွဲ့ လူအင်အား(၁ဝဝဝ)က ပြည်ထောင်စု အစိုးရ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို သဘောတူခဲ့သည်။

မှတ်ချက်
အထက်ပါစာသည် အောက်ဖော်ပြပါ ကျမ်းကိုးကို ထုတ်နုတ်ပြီးမှ ဆီလျှော်အောင် ပြန်ရေး ထားခြင်းဖြစ်သည်။

ကျမ်းကိုး

ကိုယ်တိုင်ရေးအတ္ထုပတ္တိ ပထမတွဲ၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်၊ ပထမအကြိမ် ၂၀၀၆။ စာ- ၂၆၄၊ ၂၆၇
၁၉၅၈-၁၉၆၂ မြန်မာနိုင်ငံရေးဒုတိယတွဲ ဒေါက်တာကြည်မြင့်နှင့် ဒေါက်တာ နော်အင်ဂျလင်း ပြုစု၊ ၁၉၉၁ ဇွန်လ၊ ပထမအကြိမ်
ပအမဖ စတုတ္ထအကြိမ်မြောက်သို့ တင်သွင်းမည့် ဗဟိုအလုပ်အမှုဆောင်၏ အစီရင် ခံစာမူကြမ်း။
ပြည်ထောင်စုထဲ့က ပအိုဝ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ထုတ်ဝေ၊ ပထမအကြိမ် ၂၀၀၇

မှတ်ချက်။ ။ ခွိုပအိုဝ်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြထားခြင်းဖြစ်သည်။
ဆက်ဖတ်ရန်...