11:58

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှုပြုလုပ်နေကြောင်း သိရသည်။ ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါအထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထားကြောင်း၊ ယင်း ပိုဘီ ၏ တပ် အင်အားမှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောသည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိသေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင်ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက်လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြားစောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ်လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူအညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန်တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီး
စော ဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြားစောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြားလာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။
ဆက်ဖတ်ရန်...
22:42

ရွှေမော်တွင် ကချင်အမျိုးသမီးငယ်များ လိင်ကျွန်အဖြစ် စေခိုင်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဖက် မလိခ-အင်မိုင်ခ မြစ်ဆုံဒေသ အထက်ရှိ တယန်ဇွပ်ရွှေမော်တွင် အမျိုးသမီးတစ်ဦးမှ ကချင်မျိုးနွယ် ရ၀မ်၊ ဂျိမ်းဖေါ၊ လီဆူး အမျိုးသမီးငယ်များ ကို ခေါ်ယူမွေးစားသယောင်ပြု၍ လိင်ကျွန်အဖြစ် စေခိုင်းနေကြောင်း သိရှိရသည်။ မြစ်ကြီးနားမြို့ မှ အသက် ၄၀ ကျော် အရွယ်ရှိ မအိ ဆိုသူသည် ဧရာဝတီမြစ် မြစ်ဖျား မလိခမြစ် တယန်ဇွပ်ရွှေမော်သို့  လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စတင်၍ လာရောက်အခြေချကာ စီးပွားရေးလုပ်နေသူဖြစ်သည်။
သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စတင်၍ အသက် ၁၅ နှစ် ၁၆ နှစ် အရွယ်ရှိ ပူတာအို၊ မချမ်းဘောနှင့် ရွှေမော်တ၀ိုက်မှ အမျိုးသမီးငယ်များကို မွေးစားသယောင်ပြု ၍ ဒေသခံ မြန်မာအစိုးရ အာဏာပိုင်များနှင့် ရဲအရာရှိများထံသို့  အခကြေးငွေယူ၍ လိင်အဖျော်ဖြေခံစေလွှတ်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။

အလုပ်ရှာဖွေသွားလာနေသည့် အမျိုးသမီးငယ်များအား အလုပ်ပေးမည်ဟု ခေါ်ယူကာ လိင်ဖျော်ဖြေမှုတွင် အတင်းအဓ္ဓမစေခိုင်းနေသည်ဟု မချမ်းဘောမြို့မှ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသူ အမျိုးသမီးငယ်တစ်ဦး ပြောသည်။

အမျိုးသမီးငယ်များအား ခိုင်းစေသော်လည်း လုပ်အားခမပေးပဲ ပတ်ဝန်းကျင်တွင် သမီးအဖြစ်မွေးစားသယောင် သတင်းလွှင့်၍ သိမ်းသွင်းခဲ့သည်ဟု ထိုအမျိုးသမီးငယ်၏ မိသားစုက ပြောသည်။

အမျိုးသမီးငယ်များကို မိဘဆွေမျိုးများရှာဖွေလျင်လည်း ၀ှက်ထား၍ သွားလာခွင့်မပြုပဲ ပိတ်ပင်ထားသည်ဟု ပြောသည်။

မအိသည် ရွှေမော်တွင် ရွှေကျင်ခြင်း၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ဖွင့်ခြင်းနှင့် တယန်ဇွပ်တည်းခိုခန်း ပိုင်ရှင် ဖြစ်ပြီး နယ်မြေခံ စစ်ထောက်လှမ်းရေးအရာရှိများ၊ ရဲအရာရှိများနှင့်လည်း ရင်းနှီးကျွမ်းဝင် နီးစပ်သူဖြစ်သော ကြောင့် လွပ်လွပ်လပ်လပ် သွားလာ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀မှ ယခုချိန်ထိ မအိ က မွေးစားခဲ့သည် ဆိုသော ဂျိမ်းဖေါ၊ ရ၀မ်၊ လီဆူး အမျိုးသမီးငယ် အနည်းဆုံး လေးဦးခန့် မှာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ရွှေမှော်နှင့် ပတ်ဝန်းကျင်ဒေသများတွင် အာဏာပိုင်များနှင့် ရင်းနှီးကျွမ်းဝင်သူများသည် ယခုလို လုပ်ဆောင်ခြင်း ကြောင့် ဒေသခံအမျိုးသမီးငယ်များ၏လုံခြုံရေး တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်နေရကြောင်း သိရသည်။
ဆက်ဖတ်ရန်...
22:36

ပအိုဝ်းလူငယ်မှ "အာရုဏ်သစ်" ဂျာနယ်ထုတ်ဝေ


ပအိုဝ်းဘာသာဖြင့် "အာ;ရုဏ်;တသာ" ၊ အိင်္ဂလိပ်ဘာသာဖြင့် "New Dawn" လို့ အမည်ပေးထားတဲ့ ပအိုဝ်းဘာ သာဂျာနယ်စာစောင်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ယခုလမှာ စတင်ထုတ်ဝေလိုက်ပါတယ်။
ဂျာနယ်စာစောင်ထုတ်ဝေရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပအိုဝ်းစာပေနှင့် ပအိုဝ်း ဝေါဟာရအသုံးအနှုန်းများ တိုးတက်မြင့်မာလာစေရန်၊ ပအိုဝ်းပြည်သူလူ ထုအတွင်း ဖြစ်ပွားပြောင်းလဲနေသည့် အဖြစ်အပျက်များကို မှတ် တမ်းတင်သွားရန်၊ ပအိုဝ်းပြည် သူများ အသိအမြင် ဗဟုသုတပိုမိုမြင့်မားလာစေရန်၊ တရားမျတမှုရှိ လာစေရန်နှင့် အကြောက် တရားများ ကင်းဝေးလာစေရန် စတဲ့ အချက်တွေဖြစ်ပါတယ်။

ယင်း "အာ;ရုဏ်;တသာ" စာစောင်အား ပြည်တွင်းတွင် နိုင်သလောက်အဓိက ထုတ်ဝေဖြန့်ချီသွားမှာဖြစ်ပြီး နိုင်ငံ တကာရောက်ပအိုဝ်းလူမျိုးများကြားတွင် အွန်လိုင်း ဖြင့် ဖြန့်ဝေသွားမည်ဟုလည်း စာစောင်ထုတ်ဝေရာတွင် အဓိက ပါဝင်သူ ခွန်ဆန်ကီက ဆိုပါတယ်။
ဆက်ဖတ်ရန်...