09:44

တစ်ဆယ့်နှစ်လရာသီ အမည်ဝေါဟာရများ

မြန်မာပြက္ခဒိန်များတွင် အသုံးပြုနေသော တစ်ဆယ့်နှစ်လရာသီ၏ အမည်ဝေါဟာရ အဓိပ္ပါယ်များကို ပျူဘာသာ ဝေါဟာရများ ဖြစ်ကြောင်းကို သိရှိနားလည်သူ နည်းပါးပါသည်။ ဆန်စပါးထုတ်လုပ်မှု အတတ်သည် အာရှ၏ ပျူခေတ်ကာလမှ စတင်ခဲ့ခြင်းဖြစ်သကဲ့သို့ တောင်သူလယ်လုပ် စိုက်ပျိုးရေး အတတ် ပညာသည်လည်း ပျူလူမျိုးတို့ အစောဆုံးတီတွင် ကြိုးပမ်းအားထုတ်ခဲ့သည်။ ထိုကြောင့် ပျူတို့အား တောင်သူဟု ခေါ်ဆိုခြင်း အကြောင်းတရားများအနက် တစ်ခုအဖြစ် ယူဆနိုင်ခဲ့ခြင်းဖြစ်သည်။ ပျူတို့သည် တောင်သူလယ်လုပ် ယာခုတ်လုပ်ငန်းမှ အစပြု၍ နှစ်စဉ်ကုန်လွန်လာခဲ့သော ရက်လနှစ်များကို ရေတွက် မှတ်သားပြုရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ထူးခြားမှုမှ အမှတ်သင်္ကေတများဖြင့် ညွှန်းဆိုပြုလျက် အမည်နှာမကို ကင်းပွန်းတပ်ကာ သုံးစွဲလာခဲ့ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားပြီး သက်မွေးဝမ်းကြောင်း ပြုကြသဖြင့် ယခင်က ၎င်းတို့အား တောင်သူလူမျိုးဟု ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။ ပအိုဝ်းတို့၏ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များကို ရာသီဥတုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် အခြေတည်ပြီး အမည်နာမကို တွင်လာခဲ့ရကြောင်း သိရှိမှတ်သားနိုင်ပါသည်။

(၁) ပထမလ (တခူးလ)
ပထမဦးဆုံးသော လအမည်ကို (တာကူလာ) ဖြစ်သည်။ တာ- အချိန်ကာလဖြင့် အစပထမဦးဆုံး၊ ကိန်းဂဏန်းအားဖြင့် တစ်(၁)ဟု ဆိုလိုသည်။ ကူ- ကူးပြောင်းခြင်းဖြစ်သည်။ လ- လာဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးသောလကို ဆိုလိုပါသည်။

(၂) ဒုတိယလ (ကဆုန်လ)
ဒုတိယလမှာ (ကစဆို့လာ)ဖြစ်သည်။ ကစ- အစဟု ဆိုလိုသည်။ ဆို့- ကောက်ပဲသီးနှံကို စိုပျိုးခြင်းဖြစ်သည်။ ကောက်ပဲသီးနှံကို စတင်စိုက်ပျိုးသည့်လဟု ဆိုလိုပါသည်။

(၃) တတိယလ (နယုန်)
တတိယလမှာ (နံးယုံလာ) ဖြစ်သည်။ နံး- ပေါင်းပင်မြက်ပင်ဖြစ်ပြီး၊ ယုံ- ရှင်းခြင်းဖြစ်သည်။ ဒုတိယလမှ စိုက်ပျိုးထားသော ကောက်ပဲသီးနှံပင်များကြားတွင် ပေါက်လာသော ပေါင်းမြက်များကို ရှင်းရသည့်လဟု ဆိုလိုသည်။

(၄) စတုတ္တလ (၀ါဆို)
စတုတ္ထလမှာ (၀ါးဆို့လာ) ဖြစ်သည်။ ၀ါး- ၀ါး(ပင်) ဖြစ်ပြီး (တနည်း) ရဟန်းသံဃာများ ၀ါဆိုဝါကပ်ခြင်း ကိုလည်း ဆိုလိုသည်။ ဆို့- စိုက်သည်ဟု ဆိုလိုသည်။ ၀ါးပြင်များ စိုက်သောလဟု ဆိုလိုသည်။ ယခင် ပအိုဝ်းလူမျိုးတို့သည် ကဆုန်လမှ မိုးကျသည်နှင့် ၀ါးအမျိုးကောင်းများကို ရှာပြီး နီးစပ်ရာ ချောင်းအိုင် များထဲ့သို့ စိမ်ထား၍ ၀ါဆိုလတွင် စတင်စိုက်ကြသည့် ဓလေ့ရှိသည်။ ထို့ကြောင့် ဤလကို ၀ါးစိုက်လဟု ဆိုလိုသည်။

(၅) ပဉ္စမလ (၀ါခေါင်လ)
ပဉ္စမလမှာ (၀ါးခေါင်းလာ) ဖြစ်သည်။ ၀ါး-၀ါး(ပင်) ဖြစ်ပြီး၊ ခေါင်း- တဲခေါင်မိုးကို ကျော်လာခြင်းဖြစ်သည်။ ထိုလတွင် ၀ါး(မျှစ်)ပင်များသည် တဲခေါင်မိုးကို ကျော်လာသောလဟု ဆိုလိုသည်။

(၆) ဆဌမလ (တော်သလင်းလ)
ဆဌမလမှာ (တ၀်သလင်/လင်တော်လာ) ဖြစ်သည်။ တ၀်/တော်- တော ဖြစ်ပြီး၊ သလင်- သလင်း ဆိုလိုသည်။ ထိုလကို တောဆင်းသည့်လ၊ အပင်ကြီးများကို ချန်ထားပြီး တောင်ယာလုပ်ရန် ကြားတောကို ရှင်းသည့်လဟု ဆိုလိုသည်။

(၇) သတ္တမလ (သီတင်းကျွတ်လ)
သတ္တမလမှာ (သံပြွတ်/တင်ပွတ်လာ) ဖြစ်သည်။ ထိုလသည် သမ္မာသမ္ဗုဒ္ဓမြတ်ဘုရားသည် တာဝတိံသာ နတ်ပြည်မှ လူပြည်သို့ ပြန်လည်ကြွမြန်းတော်မူရာ မြတ်စွာဘုရားအား ကြိုဆိုပင့်ဆောင် ကပ်လှူသည့် အနေဖြင့် ယာယီစံကျောင်းတော်အဖြစ် သီးနှံပဒေသစင် (ပအိုဝ်းအခေါ် တင်ပြွတ်စင်း)ကို အမှတ်တရ တည်ဆောက်ပြီး ရာသီပေါ်သီးနှံများကို ကပ်လူပူဇော်သည့် ဓလေ့ ပြုလေ့ရှိသောလဟု ဆိုလိုသည်။

(၈) အဌမလ (တန်ဆောင်မုန်းလ)
အဌမလမှာ (ကထိန်/တင်းဆောဝ်မွူးလာ) ဖြစ်သည်။ တင်းဆောဝ်- တောက်ပခြင်းဖြစ်ပြီး၊ မွူး- အပင်ဖြစ်သည်။ ထိုလတွင် မီးပဒေသပင်များကို လင်ထိန်တောက်ပစွာ ထွန်းညှိပူဇော်သည့်လ ဟု ဆိုလိုသည်။

(၉) န၀မလ (နက်တော်လ)
န၀မလမှာ (နတ်တ၀်/နက်တော်လာ) ဖြစ်သည်။ နတ်/နက်- အချိန်လုပြီး လုပ်ရသည့်ကာလဖြစ်ပြီး၊ တ၀်/တော်- တော ဖြစ်သည်။ ဆဌမလ (တော်သလင်းလ)မှ တောဆင်းသည့်ချိန်တွင် ကြားတောသာရှင်းပြီး ချန်ထားသော သစ်ပင်ကြိးများကို သတ္တမလ(သီတင်းကျွတ်)နှင့် ဆဌမလ(တန်ဆောင်မုန်း)လများတွင် ဘာသာရေးအလှူပွဲများကြောင်း တောမဆင်းနိုင်သဖြင့် ဤနမ၀လတွင် သလင်းမှ ချန်ထားသော အပင်ကြီးများကို အချိန်လု ခုတ်လဲပြီး တောဆင်းထင်ခွေရသည့်လဟု ဆိုလိုသည်။

(၁၀) ဒဿမလ( ပြာသိုလ)
ဒဿမလမှာ (ပြားသိုးလာ)ဖြစ်သည်။ ပြား- ခွဲဖြန့်ထားခြင်းဖြစ်ပြီး၊ သိုး- ထင်း ဖြစ်သည်။ န၀မလမှ ခုတ်ထားသော အပင်များမှာ ဖြတ်ထားသော ထင်းများအား သယ်ယူရ ပေါ့ပါးအောင် ဤလတွင် ထင်းများ ခွဲဖြန့်လှန်းထားသည်။ ထို့ကြောင်း ထိုလကို ထင်းများ ခွဲဖြန့်သည့်လဟု ဆိုလိုသည်။

(၁၁) ဧကာဒဿမလ (တပို့တွဲလ)
ဧကာဒဿမလမှာ (တဖွူးတွယ်လာ)ဖြစ်သည်။ တဖွူး- ထမ်းပိုးဖြစ်ပြီး၊ တွယ်- အတွဲလိုက် အဆိုင်းလိုက် ဖြစ်သည်။ ထိုလတွင် ဒဿမလ(ပြာသိုလ)မှ ခွဲဖြန့်ထားသောထင်းများကို ထမ်းပိုးဖြင့် အတွဲလိုက် အဆိုင်းလိုက် သယ်ဆောင်ရသောလဟု ဆိုလိုသည်။

(၁၂) ဒွါဒဿမလ (တပေါင်းလ)
ဒွါဒဿမလမှာ (စ/တဖွေါင်လာ)ဖြစ်သည်။ တဖွေါင်- ခြံစည်းရိုး ဖြစ်ပြီး စ- အစ ဖြစ်သည်။ လာမည့် တစ်လနှစ်လတွင် ကောက်ပဲသီးနှံစိုက်ပျိုးရန် မြေယာများနေရာတွင် ကျွဲနွားများမ၀င်နိုင်ရန် ခြံစည်းရိုးများဖြင့် ကြိုကာကြပြီး ထိုလကို ခြံစည်းရိုးစကာသည့်လဟု ဆိုလိုသည်။

လဆန်းကို ပအိုဝ်းတို့က (လာဆန်=လာချန်)ဟုခေါ်သည်။ ချန်= ထိပ်သို့အပေါ်သို့ ရောက်အောင် ဆန်တက်သည်ဟု ဆိုလိုသည်။ လကွယ်မှ လပြည့်သို့ အလင်းစွမ်းအားသည် လ၏အ၀န်းအ၀ိုင်းတွင် ပြည့်လာအောင် အလင်းရောင် ဆန်တက်သည်ကို ဆိုလိုသည်ဟု ယူဆရသည်။

လဆုပ်ကို ပအိုဝ်းတို့က (လာလောင်း) ဟုခေါ်သည်။ လောင်း= လျောဆင်းခြင်းဖြစ်သည်။ လပြည့်မှ လကွယ်သို့ အလင်းရောင်သည် နည်း/နိပ်ရာသို့ တဖြည်းဖြည်းလျောဆင်းသည်ကို ဆိုလိုသည်ဟု ယူဆရသည်။

သို့သော်လည်း ပအိုဝ်းတို့သည် ရှမ်းတိုင်းရင်းသား ညီအစ်ကိုများနှင့် ဆုံတွေ့ပေါင်းစည်းမှုရှိလာသောအခါ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များတွင် အချို့ကို ရှမ်းလေသံလိုက်၍ ရှမ်းအခေါ်ဒွိုန်-လ ကို ပအိုဝ်းတို့က ဒဲဉ် အသံဖြင့် လိုက်ခေါ်ကြသည်ကိုတွေ့ရသည်။

ကျမ်းကိုး
ပြည်ထောင်စုထဲ့က ပအိုဝ်း- PNO
သုဝဏ္ဏသတင်းစာအမှတ်-၂ (ပအိုဝ်းဘာသာ)- ပအိုဝ်းလူငယ်အစည်းအရုံး
ဆက်ဖတ်ရန်...

0 comments:

Post a Comment