09:38

လတန်ခူးနှင့် ဒုံးလွတ်ပွဲ ခေါ် ပွယ်လူးဖဲုင်

ပအိုဝ်းလူမျိုးသည် များသောအားဖြင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး နှစ်စဉ်လတန်ခူး နှစ်သစ်ကူးရောက်တိုင်း မိမိတို့အိမ်တွင်းရှိ အိုးခွက်ပုကန်နှင့် အ၀တ်အထည်များကို သင်္ကြန်မကျခင်အချိန်တွင် ကြိုပြီး လျော်ဖွတ်ဆေးကျောထားကြသည်။ အမဲလိုက်သူ ပအိုဝ်းမုဆိုးများလည်း သင်္ကြန်မကျခင် မိနစ်အနည်းငယ်တွင် မိမိတို့ တူမီးသေနတ်များကို ပစ်ဖေါက်ကြပြီး နှစ်သစ်ကူးကို ကြိုဆိုကြသည်။
ပအိုဝ်းလူမျိုးတို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခိုအားထားပြီး သက်မွေးဝမ်းကြောင်းပြုကြသည်။ စိုက်ပျိုးရေးအတွက် နေ့ကောင်းရက်ကောင်း ရွေးရာတွင် သင်္ကြန်တက်ပြီး နှစ်ဆန်းတစ်ရက်နေ့မှ စ၍ ရေတွက်ကာ တစ်လပြည့်သည့် နေ့သည် ထိုနေ့ရက်တွင် တစ်နှစ်သာအတွင်း စိုက်ပျိုးရေးအတွက် နေ့နံကောင်းသော နေ့ရက်ဟု ယူဆကြသည်။ ထိုနှစ်အတွင်း ရာသီသီးနှံများကို မိမိတို့မြေယာ၌ မျိုးစေ့ချရာတွင် ထိုနေ့နံကျရောက်သော နေ့ရက်ကို မျိုးစေ့ချလေ့ရှိသည်။

နှစ်စဉ် ကဆုန်လရောက်တိုင်း မိမိတို့တောင်ယာ စိုက်ခင်းများတွင် ပျိုးပင်များ မျိုးစေ့များချပြီးပါက မြေအစိုဓါတ်လိုအပ်လာသဖြင့် မိုးရွာသွန်းမှုကို မျော်ကြသည်။ မိုးပုံမှန်ရွာသွန်းလာအောင် ရှေးခေတ်လူကြီးများက “ပွယ်လူးဖဲုင်” ဒုံးလွတ်ပွဲဖြင့် ရတနာသုံးပါးနှင့် သမ္မာဒေ၀နတ်တို့အား ပူဇော်သည့် အနေဖြင့် ဒုံးလွတ်ပွဲကို ယနေ့တိုင်အောင် ပအိုဝ်းတို့က ကျင်းပပြုလုပ်ကြသည်။

ပွယ်လူးဖဲုင် ခေါ် ဒုံးလွတ်ပွဲကို ကျင်းပရာတွင် သင်္ကြန်တက်ပြီး နှစ်ဆန်း (၁)ရက်နေ့မှ စ၍ ၀ါဆိုလဆန်း (၁၄)ရက်နေ့အထိ ကျင်းပကြသည်။ ဒုံးလွတ်ပွဲများကို ဒေသအလိုက် တောင်ပေါ်စေတီဘုရား အနီးဝန်းကျင်နေရာများတွင် ကျင်းပကြသည်။ ပွယ်လူးဖဲုင် ခေါ် ဒုံးလွတ်ပွဲကို ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရာသီဥတု ကောင်းမွန်ရေးနှင့် လေမုန်တိုင်းကင်းသည့် မိုးများပုံမှန်ရွာသွန်းရေးဖြစ်သည်။ သီးနှံများအထွက်နှုန်း ကောင်းအောင် ရာသီဥတုသည် အဓိကကဏ္ဍတွင် ပါဝင်သည်။

ရှေးပအိုဝ်းလူကြီးများအဆိုအရ ပွယ်လူးဖဲုင် ခေါ် ဒုံးလွတ်ပွဲသည် ကောင်ကင်ရှိ လေမုန်တိုင်းတိမ်သိုက်များကို ဒုံးများဖြင့် ဖြိုခွင်းပြီးပါက မိုးကောင်းမွန်စွာ ရွာသွန်းလာသည်ဟု ယူဆကြသည်။ ဒုံးလွတ်ပွဲ မကျင်းပသည့် နှစ်သည် ထိုနှစ်တွင် ရာသီဥတု ဖောက်ပြန်တတ်သည်ဟု ယုံကြည်ကြသည်။ ဒုံးလွတ်ပွဲကို ကျင်းပခြင်းအားဖြင့် ကောင်းမှုကုသိုလ်ပြုရာရောက်သဖြင့် ရာသီဥတုလည်း ကောင်းမွန်စေပြီး တနှစ်တာအတွင်း မိမိတို့တောင်ယာ လယ်ခြံမြေများတွင် စိုက်ပျိုးထားသော သီးနှံပင်များ၏ အထွက်နှုန်းလည်း ကောင်းမွန်စေသည်ဟု ယူဆကြသည်။

ပွယ်လူးဖဲုင် ဆိုသည်မှာ ပွယ်= ပွဲ ဖြစ်ပြီး လူး= အလှူဒါန ပြုလုပ်ခြင်း၊ ဖဲုင်း= စွန့်ပစ်ခြင်းယူ ဟု ဆိုသည်။ ပအိုဝ်းဝေါဟာရ အရ “လူးဖဲုင်း” သည် “လူး” သည် အလှူဒါနကောင်းမှုပြုခြင်း၏ အကျိုးရလဒ်ကြောင့် “ဖဲုင်း” မကောင်းမှုမှန်သမျှကို အဝေးသို့ စွန့်ပစ်ခြင်း ဟုအဓိပ္ပာယ်ရသည်။

လူးဖဲုင် ခေါ် ဒုံးများကို ရပ်ရွာလူကြီးတို့၏ ခွင့်ပြုချက်ပေါ်မူတည်ပြီး ဒုံးအရွယ်အစား သတ်မှတ် ပြုလုပ်ကြသည်။ ဒုံးကို ပျမ်းမျှအကြီးဆုံးသည် ယမ်း (၁၀)ပိသာရှိပြီး သွားနိုင်သည့် အကွာအဝေးက (၆)ဖာလုံခန့် သွားနိုင်သည်။ ဒုံးကို ယခင်က ၀ါးလုံးများဖြင့် ပြုလုပ်ကြသော်လည်း ၁၉၄၀ ခု နောက်ပိုင်းတွင် သံပိုက်များဖြင့် အသုံးပြုလာကြသည်။ ဒုံးလွတ်ရာတွင် ရတနာသုံးပါး တရားနာပြီးနောက် မိမိတို့ အဖွဲ့လိုက်ပိုင်ဆိုင်သော ဒုံးများကို ထမ်းပြီး ဘုရားစေတီများကို တပတ်ပတ်၍ ဒုံးလွတ်မည့်စင် ရှိရာသို့ ထွက်သွားကြသည်။

ဒုံးလွတ်သည့်ဓလေ့ကို တရုတ်နိုင်ငံ ယူနမ်နယ်မှ စပြီး ၎င်းမှတဆင့် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် ရှမ်းပြည်သို့ ကူးဆက် ကျင်းပလာကြသည်ဟု ဆို၏်။ ယနေ့တိုင်အောင် ထိုင်း၊ လာအို တို့လည်း နှစ်စဉ် တန်ခူးလနှင့် ကဆုန်လရောက်တိုင်း ဒုံးလွတ်ပွဲ ကျင်းပကြသည်ကို တွေ့ရသည်။ ဒုံးကို ပအိုဝ်းတို့က ရှမ်းပြည်တွင်မက ပဲခူးတိုင်း ဇရပ်ကြီးဒေသရှိ ပအိုဝ်းကျေးရွာများလည်း ဒုံးလွတ်ပွဲ ကျင်းပကြသည်ကို တွေ့ရသည်။

မှတ်ချက်။
ဒဲဉ်သီးလက်ဆောင် မဂ္ဂဇင်း အမှတ်(၂၃)မှ ခွိုပအိုဝ်းတွမ်း ပွယ်လူးဖဲုင် ဆောင်းပါးမှ (ပအိုဝ်းဘာသာ) ကောက်နှတ်တင်ပြထားသည်။
ဆက်ဖတ်ရန်...

0 comments:

Post a Comment