19:22

စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်း

မြန်မာစစ်အစိုးရ အနေနဲ့ လက်ရှိအနေအထား ဆက်မနေဘဲ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းအောင် လုပ်နေပါတယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် လုပ်ပြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ပွင့်လင်း၊ လွတ်လပ်မှု မရှိသလို မဲ မမှန်မကန် လုပ်မှုတွေ ရှိနေတာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ EU ဥရောပပါလီမန် အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများက ပြစ်တင် ဝေဖန်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို စစ်အစိုးရက တရားဝင် အတိအလင်း မကြေညာသေးပေမဲ့ တဖြည်းဖြည်း ထွက်ပေါ်လာနေတဲ့ ရလဒ်တွေအရ လက်ရှိ စစ်အစိုးရ တာဝန်တွေ ယူထားကြသူ အမတ်လောင်းတွေ အများစုပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေရာတော်တော်များများ အနိုင်ရနေတယ်လို့ ပြောနေကြပါတယ်။ ဒီလို အခြေအနေမှာပဲ ကုလသမဂ္ဂက ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးအတွက် လုပ်နေတဲ့ လုပ်ငန်းစဉ်တခုဆိုတာ ပြသဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တနင်္လာနေ့က ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီ (Martin Nesirky) ပြောခဲ့တာက…

“လက်ရှိ မြန်မာစစ်အစိုးရရဲ့ ပိုနေမြဲ ကျားနေမြဲ အနေအထားကို အမှန်တကယ် ပြောင်းသွားဖို့ လုပ်နေတဲ့ လုပ်ငန်းစဉ်အဖြစ် ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုင်းအဝိုင်းက မြင်လာအောင် လုပ်ပြရပါမယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင် မြန်မာပြည်သူ၊ မြန်မာအစိုးရနဲ့ ဆက်ပြီး လက်တွဲလုပ်သွားဖို့ကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထပ်ပြီး အာမခံခဲ့ပါတယ်။”

နှစ်ပေါင်း ၂၀ အတွင်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် စာမျက်နှာသစ် ဖြစ်တယ်ဆိုတာ ပြသဖို့ စစ်အစိုးရမှာ တာဝန်ရှိနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြင်တဲ့အကြောင်းကိုလည်း သူ့ရဲ့ ပြောခွင့်ရသူက ပြောသွားပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လုပ်နေပါတယ်လို့ စစ်အစိုးရ ပြောနေတဲ့အတိုင်း လက်တွေ့လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။

“သူတို့အနေနဲ့ အပြောနဲ့ညီအောင် ဒီရွေးကောက်ပွဲကို ဒီမိုကရေစီ အစိုးရသစ် ပေါ်ထွက်လာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာမှု ရှိရေးတွေအတွက် ဆောင်ရွက်ချက်တခု ဖြစ်တယ်ဆိုတာ သက်သေပြရပါမယ်။”

ရွေးကောက်ပွဲနေ့က မဲရုံတွေကို သွားရောက်လေ့လာဖို့ စစ်အစိုးရက စီစဉ်ပေမဲ့ စစ်အစိုးရရဲ့ အစီအစဉ်တွေကို လက်မခံနိုင်တဲ့အတွက် ကုလသမဂ္ဂက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်မရှိ၊ လွတ်လပ်ပွင့်လင်းမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက အသိအမှတ် ပြုပါတယ်။ နောင်ဖွဲ့မယ့် အစိုးရသစ်ထဲမှာ အားလုံး ပါဝင်နိုင်အောင် လုပ်ပေးဖို့ကို ပြောသွားပါတယ်။

“အစိုးရသစ် ဖွဲ့စည်းတဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်သမျှ ပါဝင်နိုင်အောင် လုပ်ပေးဖို့ မြန်မာအာ ဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြန်လုပ်သွားဖို့ကိုလည်း တောင်းဆိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချုပ်ချယ် ကန့်သတ်ချက်တွေ အားလုံးကို ဖယ်ရှားပေးဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုတဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီက တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

တနင်္လာနေ့ကပဲ အမေရိကန် နိုင်ငံခြားရေးဌာနမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းထောက် တယောက်ရဲ့ အမေးကို ပြောခွင့်ရသူ ပီဂျေ ခရော်လီ (P.J Crowley) ပြောခဲ့တာက …

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တနင်္ဂနွေနေ့က ထုတ်ခဲ့တဲ့ ကြေညာချက်ထဲမှာအတိုင်း ဒီရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတမှု၊ တရားဝင်မှု မရှိဘူး ဆိုတာကို အမေရိကန်က မပြောင်းမလဲ လက်ခံထားပါတယ်။ ရှေ့ဆက် ဘာဖြစ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်သွားရပါမယ်။ အမေရိကန် အစိုးရဟာ မြန်မာအစိုးရသစ် တက်လာရင်လည်း ဆွေးနွေးမှုတွေ လုပ်သွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပုံစံ အပေါ်မှာတော့ အမေရိကန်က စိတ်ပျက်ပါတယ်။ မြန်မာစစ်အစိုးရဟာ အခွင့်အရေးကောင်း တခုကို လက်လွှတ် ဆုံးရှုံးခံခဲ့တယ်လို့ ထင်ပါတယ်။” အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဥရောပပါလီမန် ဥက္ကဋ္ဌ ဂျာဇီ ဘူဇက်ခ် (Jerzy Buzek) ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီ တဖြည်းဖြည်း ကူးပြောင်းနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်တဲ့အတွက် အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်လို့ ပြောပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိတဲ့အတွက် ရလဒ်တွေကို အသိအမှတ် မပြုကြဖို့ ဥရောပပါလီမန် အမတ်ပေါင်း ရာကျော်ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပပါလီမန် အမတ်များ အဖွဲ့ကလည်း တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အစိုးရတို့ ပါဝင်တဲ့ စစ်မှန်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ ဥရောပသမဂ္ဂက နောက်ထပ် အားထုတ် ကြိုးပမ်းတာကို မြင်ချင်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ပါလီမန်အမတ်များ အဖွဲ့ရဲ့ ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ပါလီမန်အမတ်များ အဖွဲ့ကလည်း စစ်အစိုးရ တွေ့ဆုံဆွေးနွေးရေး စားပွဲဆီ ရောက်လာအောင် နိုင်ငံတကာက ဖိအားတွေ တိုးပေးကြဖို့ တောင်းဆိုပါတယ်။ တကယ့်ကို ရှက်စရာကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်တာမို့ ရလဒ်တွေဟာလည်း တရားမဝင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ပါလီမန်အမတ် များအဖွဲ့ ဥက္ကဋ္ဌ ဘာရိုးနက်စ် ကင်နော့ခ် (Baroness Kinnock) က ပြောပါတယ်။

စစ်အစိုးရဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အကောင်အထည် မဖော်ဘဲ နောက်တခါ ထပ်လုပ်တဲ့ ရွေးကောက်ပွဲရဲ့ လုပ်ပုံလုပ်နည်းတွေဟာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အဆင့်အတန်းကို မမီဘူးလို့လည်း ဥရောပသမဂ္ဂက ရွေးကောက်ပွဲနေ့ကပဲ ကြေညာချက်ထုတ်ပြန် ပြောခဲ့ပါတယ်။ VOANews
ဆက်ဖတ်ရန်...

0 comments:

Post a Comment