19:22

ရွေးကောက်ပွဲ သီချင်းဆု နေရဲမာန်ရရှိ

စစ်အစိုးရပိုင် ရုပ်သံလိုင်းများတွင် ထုတ်လွှင့် သွားသည့် ရွေးကောက်ပွဲ သီချင်းများထဲမှ အဆိုတော် နေရဲမာန် သီဆိုသော “တို့ အိမ်ကလေး” အမည်ရှိ သီချင်းကို အကောင်းဆုံး ရွေးကောက်ပွဲ သီချင်းဆု အဖြစ် ရွေးချယ်၍ ဆုငွေ ကျပ် ၁၅ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီက နေရဲမာန်ကို ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေဆိုခြင်းမပြုပေ။

ဆုချီးမြှင့်ပွဲကို ရွေးကောက်ပွဲ မတိုင်ခင်က မြန်မာ့အသံ စတူဒီယို (A) တွင် ပြုလုပ်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေရဲမာန်သည် ၁၉၈၁ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ဗိုလ်သင်တန်း အပတ်စဉ် ၆၄ သို့ တက်ရောက်ကာ စစ်အင်ဂျင်နီယာ အရာရှိ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

“စစ်အစိုးရလုပ်တဲ့ ရွေးကောက်ပွဲ သီချင်းကို စစ်တပ်က အရာရှိ ထွက်ဆိုတာ ဆိုတော့ အချင်းချင်း ပြန်အားပေးတဲ့ အနေနဲ့ ဆုချလိုက်တာ။ သူ့ အတွက် ဒီငွေက ဘာမှ မဟုတ်ပေမယ့် မျက်နှာတော့ ရတာပေါ့” ဟု ပြည်တွင်း ဂျာနယ် သတင်းထောက် တဦးက ပြောသည်။

နေရဲမာန်သည် လက်ရှိတွင် ၀န်ထမ်း အဖြစ်မှထွက်ကာ တကိုယ်တော် တေးစီးရီးများ ထုတ်လုပ်ခြင်း၊ Ovation Band အမည်ဖြင့် ကိုယ်ပိုင် တီးဝိုင်းထောင်ခြင်းများ ပြုလုပ်နေပြီး တော်ဝင် ပတ္တမြား ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း ထူထောင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲအကြို ကာလကတည်းက အကျိုးပြု တေးသီချင်း ပွဲတော်ကို စီစဉ်ခဲ့ပြီး တီးဝိုင်းတ၀ိုင်းလျှင် သီချင်း ၁ ပုဒ်စီ သီဆိုပေးရန် တောင်းဆိုခဲ့ကြောင်း၊ ရွေးကောက်ပွဲ သီချင်းပေါင်း ၃၀၀ ကျော် ရရှိခဲ့ကြောင်း တေးဂီတဝိုင်းများက ပြောသည်။

Iron Cross၊ အင်ပါယာ၊ အလင်္ကာဝတ်ရည်၊ စန္ဒရားကွန်းဇော်၊ မိုးသောက်ပန်း၊ မြို့မ၊ စန္ဒရားမောင်လှအေး ဂီတအဖွဲ့တို့ သည်လည်း အကောင်းဆုံးဆုများ ချီးမြှင့်ခြင်း ခံခဲ့ရသည်ဟု သိရသည်။

“တခြားသူတွေကတော့ တပုဒ်စီပဲ။ စန္ဒရား မောင်လှအေးကတော့ ခေတ်ပေါ်ရော၊ မြန်မာသံစဉ်နဲ့ပါ ဆု ၃ ခု ရတယ်။ ၀ိုင်းပေါ် မူတည်ပြီး ကြီးတဲ့ Band တွေဖြစ်တဲ့ IC တို့၊ မြို့မတို့ဆို ကျပ် ၁၅ သိန်း၊ ကျန်တဲ့ အဖွဲ့တွေကို ၁၀ သိန်း ပေးတယ်” ဟု တီးဝိုင်း ခေါင်းဆောင် တဦးက ပြောသည်။

အာဏာပိုင်များ၏ ညွှန်ကြားမှုကြောင့် မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ အဆိုတော် များထံသို့ တီးဝိုင်းတ၀ိုင်းလျှင် တပုဒ်စီ ဆိုပေးရမည်ဖြစ်ကြောင်း၊ မပေးပို့ပါက ပွဲပါမစ်ပေးမည်မဟုတ်ကြောင်း အကြောင်းကြားစာများ ပေးပို့ခဲ့သည်ဟု သိရသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကျိုးပြု သီချင်း ဆိုပေးဖို့ ရောင်စဉ်လှိုင်း အဖွဲ့က လာပြောတာနဲ့ ဆိုဖြစ်သွားတာ။ ကချင်သံ စဉ်ကို မြန်မာစာသား ထည့်ပြီး ကုန်ကျစရိတ်အကုန် ကိုယ်က စိုက်ထားပြီး ဆိုရတယ်။ ဆိုဖြစ်တဲ့အပေါ်မှာ တခြားတော့ ဘာစိတ်မှမရှိပါဘူး” ဟု ဆုရရှိခဲ့သည့် ကချင်အဆိုတော် M ဆိုင်း က ပြောသည်။

M ဆိုင်းသည် အဆိုတော် တဦးချင်းစီအလိုက် မဟုတ်ဘဲ တီးဝိုင်းအလိုက် ဆုရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲ မကျင်းပမီကတည်းက အကျိုးပြုသီချင်းများကို စစ်အစိုးရ၏ ရုပ်သံ မီဒီယာများတွင် တောက်လျှောက် ထုတ် လွှင့် ပြသနေခဲ့သည်။

“ဂီတ အစည်းအရုံးက တီးဝိုင်းတွေ အားလုံးကို ခေါ်ပြီး အကျိုးပြုသီချင်း ရေးပါဆိုပြီး ရေးခိုင်းလိုက်တယ်။ ပုံစံတော့ ကျရမယ်၊ လိုင်းတော့ မချပေးဘူး၊ ဘာပါရမယ် ဆိုပြီးတော့ မသတ်မှတ် ပေးထားဘူး” ဟု ကိုယ်တိုင်ပါဝင် တီးခတ်ပေးခဲ့ရသူ တဦးက ပြောသည်။

ရွေးကောက်ပွဲအတွက် နာမည်ကြီး ဂီတ၀ိုင်းများဖြစ်သည့် Iron Cross (IC)၊ အင်ပါယာ၊ The Tree၊ Metal Zone၊ ရောင်စဉ်လှိုင်း၊ အင်္လကာဝတ်ရည်၊ မိုးသောက်ပန်း၊ မြို့မ စသည့် တေးဂီတ၀ိုင်းများအားလုံး ပါဝင် တီးခတ်ခဲ့ရကြောင်း သိရသည်။

ရော့ခ်အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် စီးရီးဖြင့် နာမည်ကြီးခဲ့သော တေးရေး လင်းလင်း ရေးသားသည့် သီချင်းကို ရော့ခ်အဆိုတော် မျိုးကြီး သီဆိုပေးခဲ့သည့် သီချင်းတပုဒ်အား IC အဖွဲ့က တီးခတ်၍ ရွေးကောက်ပွဲ အကျိုးပြုသီချင်းအဖြစ် ပေးပို့ခဲ့ရကြောင်း IC ၀ိုင်းတော်သားတဦးက ပြောသည်။

“၀ိုင်းတခုလုံးရဲ့ ရှင်သန်ရေးကို ကြည့်ရတဲ့အခါကျတော့ ငြင်းလို့ မရတော့ဘူးလေ။ အဲဒါနဲ့ လင်းလင်းကို ရေးခိုင်းပြီး မျိုးကြီးက ဆိုပေးခဲ့တာ။ တခြားတီးဝိုင်းတွေလည်း ဒီလိုပဲဆိုပေးရတာပဲ” ဟု သူက ဆိုသည်။

အဆိုတော်လင်းလင်းကလည်း “ကျနော့်ကို IC အဖွဲ့က ဒီလို သီချင်းရေးပေးပါ ဆိုတာနဲ့ ရေးပေးလိုက်တာ။ အကြောင်းအရာ ကတော့ ကိုယ့်ဘာသာကိုယ် စဉ်းစားတာပါ။ တခြားဘာကိစ္စမှတော့ နားမလည်ဘူး”ဟု ပြောသည်။

နာမည်ကြီး အဆိုတော် တဦးက “တီးဝိုင်းတွေ အကုန်လုံးက အသံဖိုင်ပဲ ပေးလိုက်တာ။ အဲဒါကို အာဏာပိုင်တွေက သူတို့ ကြိုက်တဲ့ ပုံတွေနဲ့ နောက်ခံတွေထည့်ပြီး လွှင့်တာ။ ကျနော်တို့က သူတို့ခိုင်းတဲ့အတိုင်း အသံဖိုင် သီးသန့် လုပ်ပေးရတာ။ နောက်တော့မှ ကိုယ့် အနုအပညာကို ဒီလို အသုံးချ ခံလိုက်ရတယ်ဆိုတာ သိတာ။ ဆန္ဒရှိလွန်းလို့ဆိုပြီး ဒီလိုတွေ ဖန်တီး ပေးလိုက်ရတာ မဟုတ်ပါဘူး” ဟု ရှင်းပြသည်။

ရော့ခ် အဆိုတော်မျိုးကြီး သီဆိုသည့် ရွေးကောက်ပွဲ အကျိုးပြုသီချင်း ထုတ်လွှင့်ရာတွင် နေပြည်တော်ရှိ တည်ဆောက် နေသည့် အဆောက်အအုံများကို နောက်ခံအရုပ်များအဖြစ် ထည့်သွင်းပြီး စစ်အစိုးရပိုင် ရုပ်သံ မီဒီယာများတွင် ထုတ်လွှင့် ခဲ့သည်။ News from Irrawaddy
ဆက်ဖတ်ရန်...

0 comments:

Post a Comment